ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီ တစ်ပိဿာ ၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်

ဆိပ်ဖြူ   စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်က ထွက်ရှိသော ကြက်သွန်နီများ ယခင် တစ်ပိဿာလျှင် (၄၀၀) ကျပ်နှင့်( ၅၀၀) ကျပ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ လက်ရှိကာလတွင် တစ်ပိဿာကို (၈၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

ဆိပ်ဖြူမြို့နယ်ရှိတောင်သူများသည် ကြက်သွန်နီကို အဓိကထားစိုက်ပျိုး လုပ်ကိုင်သောဒေသ တစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အနယ်နယ် အရပ်ရပ်မြို့ကြီးများနှင့် နယ်စပ်မြို့ကြီးများမှတစ်ဆင့် ပြည်ပနိုင်ငံများအထိပါ နှစ်စဉ်တင်ပို့ရောင်းချလျှက်ရှိသည်။ ကြက်သွန်နီကို တပေါင်းလ ၊တန်ခူးလ တို့တွင်စတင်တူးဖော်ကြရပြီး   မိသားစု စားဝတ်နေရေး ၊ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ကြက်သွန်နီ ဈေးကွက်အပေါ်မူတည်၍ ကြက်သွန်ကုန်စည်ဒိုင်သို့ လာရောက်ရောင်းချကြသည်။

ဆိပ်ဖြူမြို့နယ်မှ ကြက်သွန်နီများကို ရန်ကုန် ဘုရင့်နောင် ပွဲရုံနှင့် မော်လမြိုင် ၊ပုသိမ် ၊ပြည်မြို့များ ၊နယ်စပ် လမ်းကြောင်းများဖြစ်သည့် မူဆယ် ၊မြဝတီ စစ်တွေမြို့များကို အဓိကထား တင်ပို့နေရကြောင်း  လက်ရှိကာလတွင် ကိုဗစ်-၁၉ရောဂါကြောင့် နယ်စပ်တင်ပို့မှုလမ်းကြောင်း ပိတ်ပြီး ကုန်စည်စီးဆင်းမှု အခက်အခဲများကြုံတွေ့ရကြောင်း ပြည်တွင်းမြို့များသို့သာ တင်ပို့နေရသည့်အတွက်    ယခင်နှစ်ထက် ကြက်သွန်နီဈေးနှုန်းကျဆင်းမှုဖြင့် ကြုံတွေ့ရကြောင်း၊ ဧပြီလမှ စက်တင်ဘာလ လဆန်းပိုင်းအထိ ကြက်သွန်နီ ဈေးကွက်မှာ ဂျွန်ထိပ်စ ၄၅၀ ကျပ်နှင့် ၅၀၀ ကျပ်ဝန်းကျင်သာ ဈေးအတက်အကျဖြင့် အရောင်းအဝယ်ဖြစ်ထွန်းခဲ့ပြီး သိုလောင်နိုင်မှု အားနည်းသော ကြက်သွန်နီ စိုက်တောင်သူများမှာ ရရာဈေးဖြင့်သာရောင်းချခဲ့ရကြောင်း ၊ လက်ရှိ အနေအထားတွင် ဒေသထွက်ကြက်သွန်နီကို ပြည်တွင်းစားသုံးမှုအပြင် ပြည်ပ နိုင်ငံမှ ပြန်လည်ဝယ်ယူမှု ရှိလာသည့် အတွက်  ကြက်သွန်နီဈေးနှုန်း ပြန်လည်မြင့်တက် လာခြင်းဖြစ်ကြောင်း လက်ရှိ ကြက်သွန်နီ ရောရာဆိုဒ်စုံ ဂျွန် ထိပ်စ တစ်ပိဿာလျှင် (၈၀၀)ကျပ် ၊ဂျွန်အောက်စ (၇၀၀) ကျပ်ဝန်းကျင်ရှိပြီး  ဆိပ်ဖြူကုန်စည်ဒိုင်သို့ ကြက်သွန်နီ အချိန် တစ်သောင်းခွဲခန့် ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ လက်ရှိဈေးနှင့်ဆိုလျှင် တောင်သူတို့၏ကြက်သွန်နီ  စိုက်ပျိုးစရိတ် ၊သိုလောင်မှု အလျှော့တွက်နှင့် တွက်လျှင် အရှုံးတော့ ရှိနေဦးမယ်ဖြစ်ကြောင်း၊ တစ်ပိဿာ တစ်ထောင်ကျပ်လောက် ဖြစ်လျှင်တော့ အရင်းမျှသာရှိ မည်ဖြစ်ပြီး တောင်သူများကလည်း ကြက်သွန်နီရာသီမကုန်မီ သီတင်းကျွတ်လ မတိုင်မီလက်ရှိ ဈေးထက် ဈေးရရှိရန် မျှော်လင့်နေပြီး စိုက်ပျိုးတောင်သူလည်းအဆင်ပြေ ၊ကုန်သည်လည်း အဆင်ပြေမည်ဖြစ်ကြောင်း နေ့စဉ် ရန်ကုန်ဈေးအရောင်း အဝယ်ဖြစ်မှုအပေါ်မူတည်၍ ကြက်သွန်နီဈေး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်နီ ဥသေး များကိုနောက် တစ်လခွဲခန့်အကြာ သီတင်းကျွတ် လလယ်ပိုင်းလောက်မှာ ကြက်သွန်စိုက်တောင်သူများက ပြန်လည်စိုက်ပျိုးကြမည်ဖြစ်ပြီး ဒေသထွက်ကြက်သွန်နီ အပေါ်မှာ ဒေသခံတောင်သူ၊ လုပ်သားများနှင့် ကုန်သည်များ မှီခိုအားထားဆောင်ရွက်နေရသည့်အတွက်    လက်ရှိစိုက်ပျိုး ထွက်ရှိကြက်သွန်နီ များကိုလည်း အရောင်းအဝယ်ကောင်း ဈေးကောင်းရ ခြင်ကြောင်း ဒေသခံ တောင်သူများ ၊လုပ်သားများနှင့် ကုန်သည်များထံမှ သိရှိရသည်။

ကိုဇွဲ(အညာမြေ)