ကျွန်းလှမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကျင်းပ

ကျွန်းလှ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကျင်းပခြင်းကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတရရှိခြင်း၊ အချိန်ကိုအကျိုးရှိစွာအသုံးချခြင်း၊ အမှားနှင့် အမှန်ဝေဖန်ပိုင်းခြား တတ်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ ကျင်းပပေးပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ဓါတ်ပုံများနှင့် နံရံကပ်စာစောင်များ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ