ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း  Book Club နှင့် စာဖတ်ဝိုင်းကျင်းပ

ရွှေတောင် ဇန်နဝါရီ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  စာအုပ်စာပေဝါသနာရှင်များ၊စာပေချစ်သူများBook Clubနှင့် ပူးပေါင်း၍ မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  စာပေချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင်အေပရယ် ယုနိုင်(ရွှေတောင်)က ယခုစာဖတ်ဝိုင်းသည် နဝမအကြိမ်မြောက်စာဖတ်ဝိုင်းဖြစ်ကြောင်း၊ မကြာခင်နှစ်ပတ်လည်ပွဲ ဆောင်ရွက်နိုင်ရန်နှင့် ပြိုင်ပွဲများပြုလုပ်ကျင်းပနိုင်‌ရေး ကြိုတင် ပြင်ဆင်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာအုပ်၊စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုး ထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍မုဒိတာစာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  စာရေးဆရာမကြီး ခင်စောတင့် ဘာသာပြန်ရေးသားထားသည့် " အမေဆောက်ခဲ့သော ရဲတိုက်ကြီးများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ စာပေချစ်သူများBook Club အသင်း  ဥက္ကဋ္ဌ၊ ဒေါ်ခင်ယုနိုင် (အေပရယ်ယုနိုင်-ရွှေတောင်)၊ အဖွဲ့ဝင် ဆရာကြီး ဦးဇော်မင်း၊ ဆရာကြီး ဦးမြင့်ဦး (မိတ္တ-ရွှေတောင်)တို့မှ စာအုပ်ပါသိမှတ်ဖွယ်ရာဗဟုသုတများ၊ ကဗျာရသတို့ကို ဖတ်ကြားဆွေးနွေးခဲ့ရာတက်ရောက် လာသည့်စာပေချစ်သူများနှင့် လူငယ်မောင်မယ်များက အပြန် အလှန်ဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။

ကိုကိုမင်း  (ပြန်/ဆက်)