(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုဝန်ကြီးများ ပြည်နယ်အားကစားကွင်းအတွင်း မီတာ (၄၀၀) Synthetic ပြေးလမ်းနှင့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး အားကစားခန်းမတို့အားဖွင့်လှစ်

လွိုင်ကော်  ဇန်နဝါရီ  ၁၅

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင်ကျရောက်မည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒယ်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက် ()နာရီအချိန်က ပြည်နယ်အားကစားကွင်းအတွင်း မီတာ(၄၀၀)Synthetic ပြေးလမ်းနှင့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေး အားကစားခန်းမ တို့ကို ဖွင့်လှစ်ပေးကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေး၊ ပြေးခုန်ပစ်အားကစားအဆင့်အတန်း မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမား ပေါ်ထွန်းလာစေရေး၊ မြို့နယ်၊ခရိုင်၊ပြည်နယ်အဆင့်မှသည် အာဆီယံ ပြိုင်ပွဲများနှင့် နိုင်ငံတကာ ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးတို့ကို ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ အားကစားကဏ္ဍကိုလည်း ဖွံဖြိုးတိုးတက်အောင် တည်ဆောက် ပေးထားသော မီတာ(၄၀၀) Synthetic ပြေးလမ်းပါ အဆင့်မြင့် အားကစားကွင်းကြီးကို ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ အားကစားဝါသနာရှင်များက ဆက်လက်၍ဝိုင်းဝန်းထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် မီတာ(၄၀၀)Synthetic ပြေးလမ်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အားကစားသမား များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မီတာ(၄၀၀) ပြေးလမ်းနှင့်အားကစားကွင်းအား ဖြတ်သန်း ကြည့်ရှုကြသည်။

ယင်းနောက် ကျောင်းသားကျောင်းသူများက ဖျော်ဖြေတင်ဆက်သော ပန်းပွားအကနှင့် Fitness Dance သရုပ်ပြဖျော်ဖြေမှုများ၊ ပြေးခုန် ပစ်ပြိုင်ပွဲကျင်းပပြုလုပ်နေမှုများကို ကြည့်ရှုူအားပေးကြသည်။ ၎င်း နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က  ဆုရအားကစား သမားများနှင့် အကသရုပ်ပြအဖွဲ့တို့အား ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒယ်နီယယ်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးစောထွန်းအောင်မြင့်နှင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်တို့က ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေး အားကစားခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အားကစားခန်းမအတွင်း ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး အားကစားပစ္စည်းများ အသုံးပြုပုံ သရုပ်ပြနေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)