ရေစကြို စက်တင်ဘာ ၂၄
ရေစကြိုမြို့နယ် လက်ပံပင်ကျေးရွာအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျေးရွာသစ် စီမံကိန်း ဆောင်ရွက်ရန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန (Korea Climate Change Centre)က ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အဆိုပါ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန (Korea Climate Change Centre)က ထောက်ပံ့ငွေပေးအပ်ရာတွင် မကွေးတိုင်း ဒေသကြီးအတွင်း ရေစကြိုမြို့နယ်အပါအဝင် တောင်တွင်းကြီးမြို့နယ်နှင့် စလင်းမြို့နယ်တို့ပါဝင်ပြီး ရေစကြိုမြို့နယ်အနေဖြင့် လက်ပံပင် ကျေးရွာကို စံပြကျေးရွာဖြစ်လာရေးအတွက် ကျေးရွာသစ်စီမံကိန်းတွင် အဓိကကဏ္ဍ ၃ ရပ်ဖြစ်သည့် စွမ်းဆောင်ရည်မြှင့်တင်ရေး စီမံကိန်း၊ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ဝင်ငွေတိုးပွားရေးစီမံကိန်း စသည့်ကဏ္ဍအလိုက် လက်ပံပင်ကျေးရွာပြည်သူများကို စိတ်ဓာတ် ခွန်အားများ တိုးပွားလာစေရေးအတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
လက်ပံပင်ကျေးရွာကို ကျေးရွာသစ်စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန (Korea Climate Change Centre)က ထောက်ပံ့ငွေကျပ် ၂၆၃ဒသမ၄ သိန်းကို ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်ဌေး အောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ငွေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးတင်သောင်းနှင့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဌေးနှင့် တာဝန်ရှိသူ များက လက်ပံပင်ကျေးရွာ၊ ကျေးရွာသစ် စီမံကိန်းကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးခိုင်နှင့် အတွင်းရေးမှူး ဦးအောင်မျိုးတို့ထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်အောင်( ပြန်/ဆက်)