မကွေး စက်တင်ဘာ ၂၄
မကွေးတိုင်းဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်ကုသရာ၌ အထောက်အကူဖြစ်စေရန် နည်းပညာတက္ကသိုလ်(မကွေး)မှ တီထွင်ထားသည့် အဝေးထိန်း သယ်ယူယာဉ်တစ်စီးလှူဒါန်း
အဆိုပါ ပစ္စည်းသယ်ယာဉ်သည် တန်ဖိုးအနေဖြင့်(၁၈)သိန်းဝန်းကျင် ကုန်ကျကာ နောက်ဆုံး နှစ် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ ပူးပေါင်းတီတွင်ခဲ့ကြတာဖြစ်ပြီး၊ ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် လူနာရှိရာအခန်းများကို ကိုယ်တိုင် သွားရောက်ရန် မလိုဘဲ အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အီလက်ထရောနစ်အင်ဂျင်နီယာဌာန နောက်ဆုံးနှစ် ကျောင်းသား၊ကျောင်းသူတွေနဲ့ ဆရာ တွေ ပူးပေါင်းတီထွင် တည်ဆောက်ပြီး လှူဒါန်းတာပါ၊ ယာဉ်မှာ(CCTV)ပါဝင်သလို လူနာကို ပြောဆိုပေးနိုင်တဲ့ အသံစနစ်နဲ့ သွားရာလမ်း တစ်လျှောက်မှာလည်း ဆေးဖျန်းပေးနိုင်မှာ ဖြစ်ပါတယ်ဟု နည်းပညာတက္ကသိုလ်(မကွေး)ကျောင်းအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာမြနန္ဒာ လွင် က ပြောသည်။
ယခု လှူဒါန်းခဲ့တဲ့ ပစ္စည်းသယ်ယာဉ်ငယ်ဟာ လူကိုယ်တိုင် ကိုင်တွယ်စရာမလိုပဲ အဝေးထိန်း စနစ်နစ်နဲ့ ထိန်းချုပ်ပို့ဆောင်နိုင်တာကြောင့် ကျန်းမာရေး ဝန်ထမ်းတွေအတွက် အကျိုးရှိပြီး ယာဉ်ငယ်(၄)စီး လောက်ရှိမယ်ဆိုရင် မကွေးဆေးရုံကြီးအတွက် ပိုအဆင်ပြေမှာ ဖြစ်တယ် လို့ မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေးက ပြောသည်။
အဆိုပါ ယာဉ်ငယ်အား လှူဒါန်းလိုသူများ အနေဖြင့် မကွေးနည်းပညာတက္ကသိုလ်နှင့် ဆက်သွယ်ဆောင်ရွက် လှူဒါန်းနိုင်ပြီး နည်းပည တက္ကသိုလ်(မကွေး)မှ ပစ္စည်းတပ်ဆင် ထုတ်လုပ်မှုများ ကို ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် ယာဉ်တည်ဆောက်ရန်အတွက် ကုန်ကျ ငွေမှာ ကျပ်(၁၈)သိန်း ဝန်းကျင်ရှိပြီး နိုင်ငံတော်မှ ကျောင်း၏ သုတေသန ဆောင်ရွက် နိုင်ရန် ဘတ်ဂျက်ချထားပေးသည့် ငွေမှ သုံးစွဲတည်ဆောက်ကာ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)