ပုသိမ် စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုဇုန်အတွင်းရှိ စက်ရုံ(၂)ရုံမှ အလုပ်သမား(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းကြောင့် ရောဂါ ကူးစက်ပြန့်ပွားမှု ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရောဂါထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း အထည်ချုပ်စက်ရုံ (၁၂)ရုံအား စက်တင်ဘာ ၂၄ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ယာယီပိတ်သိမ်း သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
တိုင်းဒေသကြီးအတွင်းစက်ရုံ (၁၂) ရုံတွင် မူလအလုပ်သမားအင်အား (၁၃၀၄၁) ဦးရှိပြီး စက်တင်ဘာလ ၂၁ ရက်နေ့ စိစစ်ချက်အရ အလုပ်သမား (၆၇၉၅)ဦးသာ လုပ်ငန်းခွင် ဝင်ရောက် လျက်ရှိသည်။
စက်ရုံအလုပ်သမားများအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Home Stay နေထိုင်၍ အသွားအလာ ကန့်သတ်ထားရှိခြင်းအား ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)