ဖားဆောင်း ဇန်နဝါရီ ၁၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလကံဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဖားဆောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်နည်း(ဖိနပ်ချုပ်)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က တောင်ပေါ်ကျေးရွာ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးမှသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျေးလက်နေပြည်သူများစားဝတ်နေရေးအတွက်တစ်ဖက်တစ်လှမ်းမှ ဝင်ငွေများရရှိစေရန်နှင့် မိမိတို့၏မိသားစုတွင်း၌လည်း သင်တန်းတက်ရောက်ထားခြင်းကြောင့် မိမိစိတ်တိုင်းကြအလှဆင်၍ ဖိနပ်များချုပ်တတ်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဘောလခဲခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစံမြကသင်တန်းသား၊ သူများအားသင်တန်းမှပို့ချသည့် ဖိနပ်ချုပ်နည်းပညာများအား တတ်မြောက်သည့်အထိ သင်ကြားကြရန်လိုအပ်ကြောင်း၊ လက်တွေ့နယ်ပယ်တွင်လည်း အကျိုးရှိရှိအသုံးချကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ကတ္တီပါဖိနပ်ချုပ်နည်း(၅)မျိုး သင်ကြားပေးမည်ဖြစ်ပြီးသင်တန်းကာလမှာ (၁၀)ရက်ဖြစ်ကြောင်း၊ သင်တန်းသား/ သူ(၂၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့် ဖိနပ်ချုပ်နည်းလက်တွေ သင်တန်းသင်ကြားပေးနေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ ဆက်)