ပင်လည်ဘူးမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် (Cash for Work) စီမံကိန်း လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ပြီးစီး

ပင်လည်ဘူး စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ တစ်ရွာလျင် ငွေကျပ် သိန်း (၁၀၀)ဖြင့် (Cash for Work) စီမံကိန်းလုပ်ငန်းများကို ကျေးရွာ (၆)တွင် ဩဂုတ်လဆန်းပိုင်းမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်‌ လျက်ရှိရာ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာပြည်သူများ အတွက် အကျိုးပြု နေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာနှင့်လုပ်ငန်းခွဲအမျိုးအစားများမှာ တံတားကိုင်းကျေးရွာတွင် အလျား(၂၃၀၀)ပေ၊ အနံ (၁၈)ပေနှင့်ထု(၁)ပေရှိ ရွာတွင်းလမ်း ဂျင်းခင်းခြင်း၊ အလယ်စုကျေးရွာတွင် အလျား (၃၄၀၀)ပေ၊ အနံ (၁၃ ပေ ၆ လက္မ)နှင့် (၉)လက္မထု ရွာတွင်းလမ်းဂျင်းခင်းခြင်းနှင့် အလျား (၁၀၀၀)ပေ၊ အကျယ်နှင့်အနက်  (၁ ပေ ၆ လက္မ)ရှိ ရေမြောင်းတူးဖော်ခြင်း၊ ဟန်ဖဲကျေးရွာတွင် အလျား (၂၉၀၀)ပေ၊ အကျယ်နှင့်အနက် (၁ ပေ ၆ လက္မ)ရှိ ရေမြောင်းတူးဖော်ခြင်း၊ အလျား (၂၃၂၀)ပေ၊ အကျယ်နှင့်အနက်  (၁ ပေ ၆ လက္မ)ရှိ ရေပိုက်သွယ်တန်းခြင်း၊ အလျား (၁၂ )ပေ၊ အနံ (၆)ပေနှင့်အမြင့် (၅ ပေ) ရှိ ဂါလံ (၂၀၀၀)ဆန့် ရေကန်တည်ဆောက်ခြင်း၊ ဥသျှစ်ကုန်းကျေးရွာတွင် အလျား (၁၄၀၇)ပေ၊ အနံ (၁၅)ပေနှင့် (၉ လက္မ)ထုရှိ ရွာတွင်းလမ်းဂျင်းခင်းခြင်း၊ အလျား (၂၉၀၄)ပေ၊ အကျယ်နှင့်အနက် (၁ ပေ ၆ လက္မ)ရှိ ရေမြောင်းတူးဖော်ခြင်း၊  (၅ ပေ၊ ၁၂ ပေ၊ ၄ ပေ)Box Culvert(၃)စင်း ပြုပြင်ခြင်း၊ ဝါးရုံသာကျေးရွာတွင် (၂၃၆)ပေ၊ အနံ (၁၁၀) ပေရှိ ကျေးရွာပိုင် အားကစားကွင်း ပြုပြင်မွမ်းမံခြင်း၊  သာစည်ကျေးရွာတွင် အလျား (၁၈၀၀)ပေ အနံ (၁၅) ပေ၊ ထု (၁)ပေရှိ ရွာတွင်းလမ်းဂျင်းခင်းခြင်းနှင့် အလျား (၁၈၀၀)ပေ အကျယ် (၁ပေ ၆ လက္မ)ရှိ ရေမြောင်းတူးဖော်ခြင်း စုစုပေါင်းလုပ်ငန်းခွဲပေါင်း (၉)မျိုးရှိပြီး လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

(Cash for Work) စီမံကိန်းလုပ်ငန်းများ အားလုံး ပြီးစီပြီဖြစ်သည့် အတွက် လုပ်ငန်းများ ဆောင်ရွက်သည့် ကျေးရွာ(၆)ရွာတို့မှ အိမ်ထောင်စု (၃၇၁)ခု၊ လူဦးရေ ၂၀၀၀ ခန့်တို့အတွက် အကျိုးပြုလျက်ရှိပြီး ကိုဗစ်-၁၉ ကာလတွင် စီမံကိန်းကျေးရွာနေပြည်သူများမှာလည်း အလုပ် အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေများရရှိသည့်အပြင် စီမံကိန်းလုပ်ငန်းများမှာလည်း အောင်မြင်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်က ပြောသည်။

မျိုးလွင်(ပင်လည်ဘူး)