လောင်းလုံး ဇန်နဝါရီလ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် (၂၀၂၂–၂၀၂၃)ပညာသင်နှစ် အခြေခံပညာ အ-ထ-က လောင်းလုံးကျောင်း၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လောင်းလုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ) ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်မိ/ရပ်ဖများနှင့် မိဘများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား/သူများက " ကြိုဆိုပါ၏" သီချင်းသီဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသန်းရွှေက ပညာရေး စုံညီပွဲတော် ကျင်းပပြုလုပ်ပေးရခြင်းသည် (၂၀၂၂– ၂၀၂၃) ပညာသင်နှစ် ပြီးဆုံး၍ ထူးချွန်ထက်မြောက်သော ကျောင်းသား/သူများအား ဂုဏ်ပြု ဆုတံဆိပ်များ ချီးမြှင့်သောပွဲဖြစ်ကြောင်း၊ ကျောင်းသား/သူများအား ထူးချွန်စွာ ပညာသင်ကြားပေးသော ဆရာ/ဆရာမများအား အထူးကျေးဇူးတင်ကြောင်း စသည့် အကြောင်းအရာများဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပညာရည်ချွန် ဆုများ အသီးသီး ရရှိသော ကျောင်းသား/ သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့သည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ကျောင်းသား/ သူများက အဆို၊ အက၊ အတီးတို့ဖြင့် ဧည့်ခံသီဆိုဖျော်ဖြေ၍ ဘက်စုံပညာဂုဏ်ရည်တို့လှမ်းချီ သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)