ကန်ကြီးထောင့် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး အား ရပ်ဝေးရပ်နီးမှ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်ရှိ ဘုရားဖူးပြည်သူများကြည်ညို သဒ္ဒါပွါးများနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီ အချိန်တွင် ဘုရားသမိုင်းအား မြို့မိမြို့ဖများ၊ ဂေါပကများနှင့်တွေ့ဆုံရိုက်ကူးခဲ့သည်။
ထိုသို့ရိုက်ကူးမေးမြန်းရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက မေးမြန်းခဲ့ရာ လောကမှန်ကူဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ဂေါပက ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့ ကျက်သရေဆောင် လောကမှန်ကူစေတီတော်မြတ်ကြီးအား စတင်တည်ထားကိုးကွယ်မှု အခြေအနေများ၊ ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ၊ ဆရာတော်ကြီးဥူးပညာသုတ၏ အတ္ထုပ္ပတိများ၊အစဥ်အလာမပျက်ဆောင်ရွတ်ခဲ့သည့် ဆွမ်းတော်ကြီးကပ်လှူပွဲများ၊ ဆီမီးပူဇော်ပွဲများ၊ ညောင်ရေ သွန်းလောင်းပွဲများနှင့် စုပေါင်းရဟန်းခံရှင်ပြုပွဲများ၊ ဘုရားပွဲတော်ပျော်ပွဲရွှင်ပွဲများအပြင် ပြတိုက်နှင့်လက်ရှိ ပြန်လည်မွမ်းမံပြင်ဆင်နေသည့် ဓာတ်ပေါင်းစုစေတီတော်ကြီး ပြီးစီးမှုအခြေအနေများ၊ ဘုရားဝန်းနှင့် တဆက်တည်းတည်ရှိသော သီရိမင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းတိုက်၏ အထူးတရားစခန်းပွဲများအကြောင်း စသည်ဖြင့် စုံလင်စွာ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့၏ အထင်ကရစေတီများ၊ ဘုရားပုထိုးများ၏ သမိုင်းကြောင်းများအား မြို့၏ ရပ်ဝေးရပ်နီးမှ ဒေသခံပြည်သူများအပြင် နိုင်ငံတဝန်းမှ ဘုရားဖူး လာရောက်လိုသူ ရဟန်းရှင်လူများအတွက် ဗဟုသုတရရှိပြီး ကြည်ညိုသဒ္ဒါပွါးများနိုင်ကြစေရန် ရည်ရွယ်ရိုက်ကူး၍ On Line Page များမှ တဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ အလားတူစွာ ဖေဖော်ဝါရီလအတွင်း ကန်ကြီးထောင့်မြို့နယ်၊ ကျုံဒရယ်ကျေးရွာအုပ်စုရှိ(၁၀၈)တောင် ဂမုန်းပေါင်းစေတီနှင့်လက်ဆောင်ကွင်းအုပ်စုရှိ ရွှေမောင်းတီးသမိုင်းများအား ရိုက်ကူးသွားမည်ဖြစ်ကြောင်းသိရသည်။
မဇင်(ပြန်/ဆက်)