လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ် 

လိပ်သို ဇန်နဝါရီလ ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ရေးသားသော “လုပ်ငန်းတစ်ခု အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲ ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို   ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ကြွယ်၀နိုင်ကြောင်းနှင့် လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လုပ်ငန်း တစ်ခုအကောင်းဆုံးဖြစ်အောင်ဘယ်လိုကြိုးစားကြမလဲ စာအုပ် ရှင်းလင်းပြောကြားသည်။

ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင် နော်ရိုဇီဝင်းက စာရေးဆရာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏  “ လုပ်ငန်းတစ်ခု အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲ ” စာအုပ်မှ ယနေ့လူငယ်များအနေဖြင့် မည်သည့်ကဏ္ဍတွင် ပါဝင် နေစေကာမူ မိမိနိုင်ငံမိမိလူမျိုးအကျိုးအတွက် အရင်စဉ်းစားပြီးပါက အလုပ်တစ်ခုကို စိုက်လိုက်မတ်တတ် အဆုံးထိရောက်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး အတွေးအခေါ် ကောင်းကောင်းဖြင့် အချိန်တိုအတွင်း လုပ်ငန်းအကောင်အထည် ပေါ်လာအောင် တစ်ဦးခြင်း ဖြစ်စေ စုပေါင်း၍ဖြစ်စေ အောင်မြင်အောင် ဆောင်ရွက်ရမည့်အချိန်ဖြစ်ကြောင်း၊ ယနေ့ခေတ် အချိန်အခါသည်လည်း ခေတ်နှင့်အညီ နည်းပညာ၊ အတတ်ပညာများသည်လည်း အံ့မခန်း တိုးတက်နေသည့် ကာလဖြစ်သည့်အတွက် လူငယ်များ၏ အနာဂတ်အတွက် လေ့လာသင်ယူ မကုန်နိုင်သည့် ပညာဥယျာဉ်ပန်းခင်းကြီးထဲတွင် လူငယ်များကို မွေ့လျော်စေချင်ကြောင်း စသည့် စာအုပ်ပါ အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ကြပြီး သိရှိလိုသည့် အချက်များကို  အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)