ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ (၂) ဦးထိ ရှိလာပြီဖြစ်

တန့်ဆည်   စက်တင်ဘာ    ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကံထူးမကျေးရွာအုပ်စု၊ ပန်းတိမ်ကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ Facility Quarantine ထားရှိသည့် အသက်(၂၈)နှစ် အရွယ် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း ယမန်နေ့ညက တန့်ဆည်မြို့ နယ် ကျန်မာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာမှာ လှိုင်သာယာမြို့နယ် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး တန့်ဆည်မြို့နယ်သို့ စက်တင်ဘာ(၉)ရက်နေ့တွင် မနောတံခွန်မော်တော် ယာဉ်ဖြင့် ပြန်လာသူဖြစ်ပြီး ၄င်းနေ့မှာပင် ပန်းတိမ်ကုန်းကျေးရွာ ဘုန်းတော်ကြီး​ကျောင်း သို့  Facility Quarantine   ထားရှိကာ စက်တင်ဘာ (၂၃) ရက်နေ့တွင် SWAB များ ရယူ၍ ပေးပို့ စစ်ဆေးခဲ့ရာ ၄င်းနှင့်အတူ ပြန်လာသူ (၁၄) ဦးအနက် (၁) ဦးသာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာအား ယနေ့နံနက်ပိုင်းတွင်တာဝန်ရှိသူများက လိုက်လံ ခေါ်ဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ Isolation Ward တွင်ထားရှိကာ သီးသန့် ကုသပေး လျက်ရှိကြောင်းနှင့် တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၂) ဦးရှိလာပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)