ရေဖြူ၌(၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရေဖြူ ဇန်နဝါရီ ၁၃

 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်  အထက-‌ရေဖြူကျောင်းခန်းမတွင် ၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်အတွက် ကျောင်းသူ/သားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာ ဖွံ့ဖြိုးရေး အတွက်မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်၉ နာရီက ကျင်းပ ပြုလုပ်ရာ ကျောင်းသူ/သားများက ကျောင်းသီချင်းဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ဆက်လက်၍ ပညာရေးစုံညီဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးက ပညာရေးစုံညီပွဲတော်၏ ရည်ရွယ်ချက်နှင့် ပညာရေး၏ တန်ဖိုးများအား ရှင်းလင်းပြောကြားပြီး အ-ထ-ကရေဖြူ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွယ် ကျောင်းဘက်စုံဖွံ့ဖြိုးစေရေးအတွက် ကျောင်းသားမိဘများက ဝိုင်းဝန်းပံ့ပိုး ပူးပေါင်းကြရန်လိုအပ်ကြောင်း အမှာစကား ပြောကြားပေးခဲ့သည်။

ထို့နောက်၂၀၂၂-၂၀၂၃ခု၊ပညာသင် နှစ်အတွင်းကမ္ဘာ့ဆရာများနေ့၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၊ ကျောင်းကျန်းမာရေးနေ့၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၊ (၇၅)နှစ်မြောက် စိန်ရတု အာဇာနည်နေ့နှင့် လွတ်လပ်ရေးနေ့စသည့် အထိမ်းအမှတ်နေ့ စာစီစာကုံး ပြိုင်ပွဲဆုနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု၊ စာပေဘာသာ (အင်္ဂလိပ်/သင်္ချာ) ထူးချွန်ဆု ရရှိခဲ့ကြသည့် အထက်တန်း/ အလယ်တန်း/မူလတန်းအဆင့်မှ ကျောင်းသူ/သားများအား  မြို့နယ်ပညာရေးမှူးဦးမောင်ညိုနှင့် ‌ဌာနဆိုင်ရာ အကြီးအကဲများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြသည်။

ယင်းနောက် အ-ထ-က ရေဖြူမှ မူလတန်းအဆင့် ကျောင်းသူ/သားလေးများက အကဖွဲ့အလိုက် အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြပြီး နံနက် ၁၁ နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ခတ္တာ