မကွေး ဇန်နဝါရီ ၁၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး (တိုင်းဒေသကြီးအဆင့်) ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သင်ကြားရေး ဆရာ/ဆရာမများ၊ ပညာရေးကို အားပေးချီးမြှောက် ပံ့ပိုးပေးနေသည့် မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးစုံညီပွဲတော်ဆိုသည်မှာ အစိုးရ တာဝန်ရှိသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စေတနာရှင်အလှူရှင်များ ပညာသင်နှစ်ကုန်ခါနီးမှာ စုပေါင်းဆုံစည်းကြပြီး ကျောင်းတစ်ကျောင်း၊မြို့တစ်မြို့၊ ကျောင်းနယ်မြေတစ်ခုအတွက် ဆရာများ၏ သင်ကြားပြသမှု၊ သက်ဆိုင်ရာတာဝန်ရှိသူများ၏ လမ်းညွှန်ပံ့ပိုးကူညီမှု၊ မိဘများ၏ အားတက်သရော ပညာရေးအားပေးမှုများဖြင့် တစ်နှစ်တာကာလအတွင်း သင်ကြားသင်ယူ တတ်မြောက်ခဲ့သည့် စာပေပညာ၊ အားကစားနှင့် ဉာဏစွမ်းရည်များ၊ အနုပညာဆိုင်ရာ အတတ်ပညာများ၊ အိမ်တွင်းမှုဆိုင်ရာ အတတ်ပညာများကို ဖော်ထုတ်ပြသသည့်ပွဲဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သောကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး နိုင်ငံတော်အနေဖြင့် ကျောင်းသား/ ကျောင်းသူတိုင်း အလယ်တန်း ပညာဖြစ်သည့် (KG+9) ကိုသင်ယူပြီးမြောက်ရေး ရည်မှန်းချက်ထား အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရည်မှန်းချက် အောင်မြင်ရေးအတွက် ဆရာ၊ ဆရာမများမှာ အဓိကတာဝန်ရှိသော်လည်း ပညာရေးတြိဂံတွင် ပါဝင်သော ကျောင်းသား/ကျောင်းသူများ၊ မိဘများ၏ နားလည်လက်ခံမှု ပူးပေါင်း ဆောင်ရွက်မှုလည်း များစွာလိုအပ်ပါကြောင်း၊ ဒေသတာဝန်ရှိသူများနှင့် ပညာရေးကို အားပေးသည့် အသင်းအဖွဲ့များ ပူးပေါင်းပါဝင်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အောင်မြင်မှုရလာဒ်များ ရရှိလာမည်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးကို အလေးအနက်ထား ကြိုးပမ်းအားပေးလျက်ရှိပါကြောင်း၊ မိဘပြည်သူများနှင့် ပညာရေးကို စိတ်ဝင်စားအားပေး ကူညီကြသူများ အနေဖြင့် အခြေခံပညာကျောင်းများ၏ လိုအပ်ချက်ကို ပိုမိုသိရှိပြီး မိမိစွမ်းဆောင်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ဒေသတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ မိဘများနှင့် ပညာရေးကို တန်ဖိုးထားအားပေးကြသည့် ပြည်သူများပါဝင်နိုင်သည့် ပညာရေးစုံညီပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသင်ပညာရေးသာမက လာမည့်ပညာသင်နှစ်မှစ၍ ခရိုင်(၅၀)မှာရှိသည့် အခြေခံပညာ အထက်တန်းကျောင်း(၅၀)၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူကုသရေး အတတ်ပညာများကို သင်ကြားပေးရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယခုပညာသင်နှစ်တွင် Grade 9 ပညာတက်ရောက် သင်ယူအောင်မြင်နေသည့် ကျောင်းသား၊ ကျောင်းသူများတက်ရောက် သင်ကြားခွင့်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှု ခြေလှမ်းများကို တစ်ဆင့်ချင်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မိဘများ အနေဖြင့် စိုက်ပျိုးရေးအခြေခံစနစ်မှ ပညာရေးအခြေခံစနစ်ဖြင့် နိုင်ငံတော်ထူထောင်ရေး ဆက်လက် ပူးပေါင်း ကြိုးပမ်းပေးကြရန် လိုအပ်ပါကြောင်း၊ ပညာဆိုသည်မှာ စာတွေ့အပြင် လက်တွေ့ ဘဝအတွေ့အကြုံများနှင့် ချိတ်ဆက်ပေါင်းစပ်သင်ကြားခြင်းဖြင့် အမှန်တကယ်နားလည် အကျိုးရှိပြီး လက်တွေ့ အသုံးချနိုင်သော အတတ်ပညာများ သင်ယူတတ်မြောက်ကြမှာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသား လူထုလူတန်းစားအားလုံးပါဝင်သည့် အင်အားစုကြီးဖြင့် ဂုဏ်ယူဖွယ်ကောင်းသော နိုင်ငံတော်ကြီးကို ဝိုင်းဝန်းတည်ဆောက်ကြပြီး အနာဂတ်မှာ ဆက်လက်တာဝန်ယူကြရမည့် ကလေးငယ်များကို ကောင်းမွေများ လက်ဆင့်ကမ်းပေးနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း စသည်ဖြင့် ပြောကြား သည်။
ဆက်လက်၍ မကွးမြို့ အထက(၃)မှ ကျောင်းသား ကျောင်သူလေးများက ကြိုဆိုပါသည် စုံညီပွဲတော် အဖွင့်တေးသီချင်းနင့် မင်းဘူးမြို့ အထက(၁)ကျောင်းသူလေးများက မင်္ဂလာပါ သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကာ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အရာထမ်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊ ထက်ဆင့်သင် ဆရာ၊ ဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲနှင့် ထူးချွန်ဆရာများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆုများချီးမြှင့် ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့် အခြေခံပညာအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲဆုများ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခြင်း အစီအစဉ်များဆောင်ရွက်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့ ခေါင်းဆောင်အား အောင်နိုင်ရေးအလံ ပေးအပ်ကာ၊ စုံညီပွဲတော် ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေ (၁၃)သိန်းကျပ်အား တိုင်းဒေသကြီးပညာရေးမှူးထံ ပေးအပ်ခဲ့ပြီး၊ မကွေးမြို့ပေါ် ကျောင်းများမှ ကျောင်းသူလေးများက လှမ်းလာပါလေ ဖန်ခါးမြေ တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မောင်ညီညာ