ပွင့်ဖြူ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ ယခု ၂၀၁၉ - ၂၀၂၀ မိုးစပါး စိုက်ပျိုး ရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန် စေရန်နှင့် လုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရေးအတွက် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ရာ တစ်မြို့နယ်လုံးအတိုင်း အတာဖြင့် မိုးစပါး စိုက်ဧကပေါင်း ၁၀၅ ဧက တောင်သူအကျိုးပြု စိုက်ပျိုးပေးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စန်း ထံက သိရသည်။
ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ တောင်သူသီးနှံ ဝင်ငွေ တိုးပွားကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်နှင့် ရာသီအလိုက် သီးနှံများ စိုက်ပျိုးရာတွင် ဒေသခံတောင်သူများ ကြုံတွေ့ရလေ့ရှိသော လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့ သက်သာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း ဝန်ဆောင်မှုလုပ်ငန်းကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကောက်စိုက်စက်အသုံးပြု၍ စပါး စိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် လုပ်အားခ ကုန်ကျစရိတ် သက်သာစေခြင်း ၊ မျိုးစေ့ကုန်ကျမှု နည်းပါးစေခြင်း ၊ လုပ်သားရှားပါးမှု ပြဿနာများ ဖြေလျော့ပေးနိုင်ခြင်း ၊ လုပ်ငန်းတွင်ကျယ်၍ စိုက်နည်းစနစ် မှန်ကန်စေခြင်း၊ သက်တောင့် သက်သာ စိုက်ပျိုးနိုင်ခြင်း ၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း ၊ ပျိုးပင်များ ပြုစုထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း ၊ ပျိုးပင်များ နှုတ်ယူရန် မလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း ၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန် မလို အပ်ခြင်း၊ လေဝင်လေထွက်ကောင်းပြီး ကောက်ကွက်ဝင်ဆံ့မှု တိကျမှန်ကန်ခြင်း ၊ ပေါင်းရှင်းကိရိယာအသုံးပြု၍ ပေါင်းရှင်း သမန်းနိုး ဆောင်ရွက်နိုင်ခြင်း ၊ ပင်ပွားနှုန်းကောင်းပြီး အရည်အသွေးမှီသော သီးနှံအထွက်နှုန်း တိုးတက်ရရှိခြင်း၊ ကောက်စိုက် စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအား စပါးရိတ်သိမ်းခြွေလှေ့ စက်ဖြင့် လွယ်ကူစွာ ရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူး များစွာကို ရရှိစေမည်ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် အမှတ်(၄၆)စက်မှုလယ်ယာစခန်းအနေနဲ့ ယခု ၂၀၁၉ - ၂၀၂၀ မိုးစပါး စိုက်ပျိုးရာသီမှာ တောင်သူတွေ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးပေးခြင်း ဝန်ဆောင်မှု လုပ်ငန်းကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ နှစ်စဉ်လည်း ကောက်စိုက်စက်နဲ့ စပါးစိုက်ပျိုးခြင်း ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကုန်းဇောင်းကျေးရွာ ၊ ရွာခိုင်ကျေးရွာ ၊ ဇီးတော ကျေးရွာ၊ ကျောင်းစုကျေးရွာ၊ သာဂရကျေးရွာနဲ့ ကံသာကြီးကျေးရွာတွေက ဒေသခံတောင်သူတွေရဲ့ မိုးစပါးစိုက်ဧကပေါင်း ၁၀၅ ဧက ကို ကူညီစိုက်ပျိုး ပေးနိုင်ခဲ့ပါတယ်။ စပါးမျိုးတွေကတော့ ဧရာမင်းစပါးနဲ့ ပေါ်ဆန်း စပါးမျိုးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်မှာ အများဆုံးစိုက်ပျိုးတဲ့ စပါးမျိုးတွေဟာ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ပေါ်ဆန်းရင် စပါးမျိုးတွေကို အများဆုံး စိုက်ပျိုးကြတာဖြစ်ပါတယ်။ နောက်ပြီး မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တွေထဲမှာ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဟာ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု အများဆုံး ထုတ်လုပ်နိုင်တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ တောင်သူတွေ ရာသီအလိုက် သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက်ကိုလည်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို အဆင်ပြေစွာ ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စန်း က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )