နတ်တလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

နတ်တလင်း ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမ၌ကျင်းပခဲ့သည်။

ဦးစွာအခမ်းအနားကို အ.ထ.က(နတ်တလင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းမှ စုံညီပွဲတော်ကျင်းပရခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ထူးချွန်ဆရာများနှင့် လူရည်ချွန်ရွေးချယ်ပွဲ အင်္ဂလိပ်စာစွမ်းရည်နှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ စာပေဘာသာရပ် ဆောင်းပါး၊ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်အေး​အေးစန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး  အခမ်းအနားအား အ.ထ.က(နတ်တလင်း)ကျောင်းမှ ကျောင်းသား ကျောင်းသူလေးများမှ "ဇာတိမာန်" သီချင်းသီဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)