ရွှေကျင်မြို့တွင် သီလရှင်အပါး(၆၀)အား ဝတ္ထုငွေနှင့်ကုန်ခြောက်များ ဆက်ကပ်လှူဒါန်း

ရွှေကျင် စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့မှ ရွှေကျင်မြို့ပေါ်ရှိ သီလရှင်အပါး(၆၀)အား ယနေ့ နံနက်၉ နာရီခွဲမှစ၍ ရှမ်းကြေး ရပ်ကွက်အတွင်းရှိ ထေရကုသလသီလရှင်စာသင်တိုက်ဝန်းအတွင်းနှင့် ညောင်ဝိုင်း/တရုတ္တန်း ရပ်ကွက်အတွင်းရှိ သမိုင်းဝင်ရွှေတောင်ဦး စေတီတော် ငါးထပ်ကြီးဘုရားရင်ပြင်တို့တွင် အလှူငွေနှင့် လှူဒါန်း ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုများပြားလာသည့်ကာလအတွင်း၌ သီလရှင်များ သာသနာပြုလုပ်ငန်းများတွင် စိတ်အေးချမ်းသာစွာဆောင်ရွက်နိုင်ရန်အတွက် ရွှေကျင်မြို့နယ် အမျိုးသမီးရေးရာ/မိခင်နှင့်ကလေးစောင့်ရှောက်ရေးသင်းဥက္ကဌ ဒေါ်မြင့်သန်းနုမှ ဦးဆောင်၍ အဖွဲ့ဝင်များက ရွှေကျင်မြို့ပေါ်ရှိ သီလရှင်အပါး(၆၀)အား တစ်ပါးလျှင် အလှူငွေ (၂၀၀၀)ကျပ်၊ ဆန်(၂)ပြည်နှင့်(၄)လုံး၊ ကြက်သွန်နီ(၅၀)သား၊ ဆီ(၅၀)သား၊ ဆပ်ပြာမှုန့်(၂)ထုပ်၊ ရွှေဝါဆပ်ပြာ(၁)တောင့်၊ လက်ဖက်‌ခြောက်(၂)ထုပ်၊ ငါးသေတ္တာ(၂)ဘူး၊ နှာခေါင်းစည်း(၁၀)ခု စုစုပေါင်းတစ်ပါးလျှင် ဝတ္ထုငွေ(၂၀၀၀)ကျပ်နှင့် ကုန်‎‌ခြောက်(၈)မျိုးတို့အား ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)