သရက်ချောင်း ဇန်နဝါရီလ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၀၂၂–၂၀၂၃) ပညာသင်နှစ် အခြေခံပညာ (အ.ထ.က) သရက်ချောင်းကျောင်း၌ ပညာရေး စုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (ပညာရတနာခန်းမ) ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်မိ/ရပ်ဖများနှင့် မိဘများတက်ရောက်ခဲ့သည်။
ရှေးဦးစွာကျောင်းသား/သူများက "စုံညီပွဲတော် တို့နွှဲပျော်" သီချင်းသီဆိုကာ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး သရက်ချောင်းမြို့နယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးက ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ပေးရခြင်းသည် (၂၀၂၂–၂၀၂၃) ပညာသင်နှစ်ပြီးဆုံး၍ ထူးချွန်ထက်မြောက်သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်သော ပွဲဖြစ်ကြောင်း၊ ကျောင်းသား/သူများအား ထူးချွန်စွာ ပညာသင်ကြားပေးသော ဆရာ/ ဆရာမများအား အထူးကျေးဇူးတင်ကြောင်း စသည့်အကြောင်းအရာများဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာကြူက မိမိတို့ကျောင်းမှ ထူးချွန်ထက်မြက်သော လူရည်ချွန်များနှင့် (၆)ဘာသာဂုဏ်ထူးရှင်များ ထွက်ပေါ်လျက်ရှိကြောင်း၊ အခြေခံပညာ(အ.ထ.က) သရက်ချောင်းကျောင်း ပညာရေးစုံညီပွဲတော်သို့ တက်ရောက်သော မြို့နယ်တာဝန်ရှိသူများနှင့် ရပ်မိ/ရပ်ဖများအား ကျေးဇူးတင်ကြောင်း၊ မိဘ ဆရာ ပူးပေါင်းကလေးပညာကောင်းဆိုသည့်အတိုင်း ကျောင်းသူကျောင်းသားတို့၏ မိဘများအနေဖြင့် မိမိကလေးများ ထူးချွန်ထက်လာစေရန် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ကာယ/ဉာဏဆုရ ကျောင်းသား/သူများအား ဆုတံဆိပ်များနှင့် ဆုငွေများ အသီးသီး ချီးမြှင့်ခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ကျောင်းသား/ သူများက အဆို၊ အက၊ အတီးတို့ဖြင့် ဧည့်ခံဖျော်ဖြေပြီးနောက် ကျောင်းသား/သူများက "ဘက်စုံပညာဂုဏ်ရည် ရှေ့သို့လှမ်းချီ" သီဆိုဖျော်ဖြေကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)