တောင်ငူ ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်) အပ်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက အမှာစကားပြောကြားရာတွင် သင်တန်းသူများအနေဖြင့် သင်တန်းမတက်မီနှင့် သင်တန်းတက်ပြီးသည့်အချိန်တွင် အတတ်ပညာအရည်အချင်းများ ကွာခြားသွားပြီဖြစ်ကြောင်း၊ တန်ဖိုးရှိတဲ့ပညာတွေ ရသွားကြပြီဖြစ်ကြောင်း၊ ယခုအပ်ချုပ်သင်တန်း ဆင်းပွဲပြီးနောက် သက်မွေးစီးပွာရေး လုပ်ငန်းလုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း၊ သင်တန်းမှရရှိခဲ့သည့်ပညာရပ်များကို အသုံးချ၍၊ အောင်မြင်သည့် ဖက်ရှင်ဒီဇိုင်းနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း (တောင်ငူ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်က အမှာစကားပြောကြား ရာတွင် သင်တန်းကာလ (၁)လ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ အပ်ချုပ်ပညာနှင့်ယခုမှ ထိတွေ့သည့်သူများ ဖြစ်သောကြောင့် နောက်ပိုင်း ကျွမ်းကျင်အဆင့်ကိုရောက်အောင် ဆက်တက်ရန်လိုအပ်ကြောင်း၊ မိမိတို့အတွက် အကျိုးရှိသည့်သင်တန်းများဖြစ်၍ ကြိုးစားတက်ရောက် ကြစေလိုကြောင်း ပြောကြားပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့အထိ တစ်လအကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းနည်းပြများက မိန်းမဝတ်(အဆင့်မြင့်) အပ်ချုပ် ဘာသာရပ်များအဖြစ် ကော်လံအဝိုင်းလက်ပြတ်အင်္ကျီ၊ ရင်ဖြတ်ဆက်၊ စံပယ်ဖူးလက် အင်္ကျီချုပ်နည်း၊ ခေါက်ကော်လံအင်္ကျီချုပ်နည်း၊ စတစ်ကော်လံအင်္ကျီချုပ်နည်း၊ အမျိုးသမီးဝတ် ကုတ်အင်္ကျီချုပ်နည်း၊ ရင်ဖုံးပုံဆန်း အင်္ကျီချုပ်နည်း၊ ချိတ်စကပ်ချုပ်နည်း၊ လေးလွှာစကပ်ချုပ်နည်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ အပ်ချုပ်နိုင်ရန် စာတွေ့လက်တွေ့ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း အဆိုပါသင်တန်းသို့သင်တန်းသူ ၂၅ ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်း၌ ထူးချွန်သည့် သင်တန်းသူတစ်ဦးကို အပ်ချုပ်စက် တစ်လုံး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်