လပွတ္တာမြို့နယ်အတွင်းရှိ ဈေးဆိုင်များကို သတ်မှတ်အချိန်များဖြင့်သာ ဖွင့်လှစ်ရောင်းချခြင်းကို နေ့စဉ်အသိပေး ဆောင်ရွက်

လပွတ္တာ စက်တင်ဘာ ၂၄

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသောကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ ဈေးရောင်းချသည့် ဆိုင်များကို စက်တင်ဘာ ၂၁ ရက်မှ စတင်၍ သတ်မှတ်အချိန်များဖြင့်သာ ဖွင့်လှစ်ရောင်းချခွင့်ပြု သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စက်တင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၁ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ဈေးများအားလုံး၌ အခြေခံ စားသောက်ကုန်ပစ္စည်းနှင့် ဆေးဝါးပစ္စည်း ရောင်းချသည့်ဆိုင်များကို နေ့စဉ် နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအတွင်းသာ ဖွင့်လှစ်ရောင်းချခွင့် ပြုသွားမည်ဖြစ်ပြီး ကျန်ဆိုင်များ အားလုံးကို ပိတ်သိမ်းထားရမည် ဖြစ်ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများကလည်း နေ့စဉ် ဈေးများအတွင်း လိုက်လံအသိပေး‌ ကြေညာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် လမ်းဘေးဈေးဆိုင်နှင့် အိမ်ဆိုင်များဖြစ်သည့် အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိကအိမ်ဆိုင်များ၊ ဌာနဆိုင်ရာ ဈေးဆိုင်ခန်းများနှင့် ဘုရားဈေးဆိုင်ခန်းများ အားလုံးကိုလည်း နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီ အတွင်း၌သာ ဖွင့်လှစ်ရောင်းချခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက ဆေးဝါးရောင်းချသည့် ဆိုင်များကိုမူ ပြည်သူများ၏ ကျန်းမာရေးအတွက် နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ခွင့် ပြုပေးသွားမည်ဖြစ်ပြီး၊ ထိုသို့ သတ်မှတ်ချိန်များအတိုင်း ဖွင့်လှစ်ရောင်းချရာတွင်လည်း ဈေးဆိုင်များ အားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ အလေးထား လိုက်နာ ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဈေးဆိုင်များ ဖွင့်လှစ်မှုကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ အားလုံးတွင်လည်း တစ်ပြိုင်နက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းကျော်မြင့်(ပြန်/ဆက်)