ဘားအံမြို့အခြေပြု မော်တော်ယာဉ်လိုင်းများနှင့် အနယ်နယ်အရပ်ရပ်မှ ကုန်တင်ယာဉ်ကြီးများ သတ်မှတ်နေရာ၌သာ ကုန်ပစ္စည်း တင်/ချခြင်းလုပ်ငန်းများဆောင်ရွက်

ဘားအံ စက်တင်ဘာ ၂၄

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝင်ရောက်လာသော ဘားအံအခြေပြုနှင့် အခြားဒေသ အခြေပြု ကုန်ပစ္စည်းတင် မော်တော်ယာဉ် များအား ယမန်နေ့မှစ၍ အမှတ်(၃)ရပ်ကွက်၊ ယခင်မြို့မဘောလုံးကွင်းနေရာ၌သာ ကုန်ပစ္စည်း တင်ချခြင်း လုပ်ငန်းများအား ဆောင်ရွက်စေလျက်ရှိသည်။

ဘားအံမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော ကုန်ပစ္စည်းတင် မော်တော်ယာဉ်များအား သံလွင်တံတားထိပ်နှင့် ဂျိုင်း(ဇာသပြင်)ထိပ်တို့တွင် အဖွဲ့စုံဖြင့်စစ်ဆေး၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂ ပတ်အတွင်း ထုတ်ပေးထားသော) ထောက်ခံချက် ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ပြီး ယခင်ကဲ့သို့ ကုန်ပစ္စည်းများအား အိမ်တိုင် ရာရောက် သယ်ဆောင် တင်ပို့ခွင့်မပြုတော့ဘဲ သတ်မှတ်နေရာတွင်သာ ကုန်ပစ္စည်း တင်/ချခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည်။

ဘားအံမြို့အခြေပြု ရွှေဖားစည်၊ မိဘဂုဏ်၊ သာမည၊ ရွှေမြန်မာ၊ ရွှေနတ်တောင်၊ ရွှေသံတောင်၊ လူသောခို မော်တော်ယာဉ်လိုင်းများနှင့် အနယ်နယ်အရပ်ရပ်မှ ကုန်ပစ္စည်းတင်ပို့သော ကုန်တင် ယာဉ်ကြီးများအနေဖြင့် သတ်မှတ် နေရာ၌သာ ကုန်ပစ္စည်းတင်/ချခြင်းလုပ်ငန်းများ ဆောင်ရွက် နေသည်ကို မြင်တွေ့ရပြီး သံလွင်တံတား၊ ဂျိုင်း (ဇာသပြင်) တံတားတို့ကို ဖြတ်သန်း၍ ကော့ကရိတ်၊ မြဝတီသို့ သွားရောက်မည့် ကုန်တင်ယာဉ်များအနေဖြင့် မြို့တွင်းသို့ ဖြတ်သန်း သွားလာခွင့်မပြုဘဲ မြို့ရှောင်လမ်းမှသာ သွားလာရ မည်ဖြစ်ကြောင်းနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး (ဗဟို) ကော်မတီမှ ထုတ်ပြန်မှသာ ဖြေလျော့မှုများ ပြန်လည် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)