ပွင့်ဖြူ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ဒေသခံတောင် သူများ မိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ၂၀၂၀ ပြည့်နှစ် မေလ ၁၅ ရက်နေ့ကစ၍ ထုတ်ချေးပေးခဲ့ပြီး ၊ ကိုဗစ် - ၁၉ ပံ့ပိုးချေးငွေများကို ဇူလိုင် ၂ ရက်နေ့က စတင် ထုတ်ချေးပေးခဲ့ကြောင်း သိရကာ ယခုအခါ အဆိုပါ ချေးငွေ(၂)မျိုးလုံးကို စက်တင်ဘာ ၂၂ ရက်နေ့က တောင်သူများလက်ဝယ်အရောက် အောင်မြင်စွာ ထုတ်ချေးဆောင်ရွက်ပြီးစီး သွားပြီဖြစ် ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။
ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိပြီး ယခု ၂၀၂၀ ပြည့်နှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို မေလ ၁၅ ရက်နေ့မှ စတင်ကာ မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေး ပေးရမည့် ကျေးရွာအုပ်စု(၅၁)စုရှိ တောင်သူဦးရေပေါင်း ၁၁၅၉၇ ဦး အား စပါးသီးနှံအတွက် တစ်ဧက ငွေကျပ်တစ်သိန်းခွဲ ၊ အခြားသီးနှံ အတွက် တစ်ဧက ငွေကျပ်တစ်သိန်း နှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်းလည်း သိရသည်။ ထုတ်ချေးမှု အနေဖြင့် စပါးစိုက်ဧက ၅၀၁၂၈ ဧက ၊ နှမ်းစိုက်ဧက ၃၁၁၄ ဧက ၊ မြေပဲစိုက်ဧက ၇၀ ဧက ၊ ပဲတီစိမ်း ၁၁၆ ဧက၊ ပဲကြီး ၃၅၈ ဧက တို့အတွက် စုစုပေါင်း ထုတ်ချေးငွေ ၇၈၈၅၇၅၀၀၀၀ ကျပ် အား ထုတ်ချေး ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်မှ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်ကြသည့် တောင်သူဦးကြီးများ ကိုဗစ် - ၁၉ ဂယက်ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ် ထိခိုက်မှုများ ရှိနိုင်သည့်အတွက် အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် တစ်ဧကလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် အပိုဆောင်းထုတ်ချေးပေးသည့် ကိုဗစ် - ၁၉ ပံ့ပိုးချေးငွေများကိုလည်း ဇူလိုင်လ ၂ ရက်နေ့က စတင်၍ ထုတ်ချေးပေးခဲ့ရာ ချေးငွေထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု(၅၁)အုပ်စုမှ တောင်သူ ၁၁၄၃၀ ဦး အား စပါးစိုက်ဧက ၄၉၅၀ ဧက ၊ နှမ်းစိုက်ဧက ၂၉၁၂ ဧက ၊ ပဲကြီး ၃၅၅ ဧက ၊ ပဲတီစိမ်း ၁၀၈ ဧက ၊ ကုလားပဲဖြူလုံးကြီး ၃၅၀ ဧက တို့အတွက် စုစုပေါင်း ထုတ်ချေးငွေ ၂၆၆၁၃၀၀၀၀၀ ကျပ်အား တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူတွေကို မိုးသီးနှံအတွက် ချေးငွေရော ၊ နိုင်ငံတော်မှ ကိုဗစ် - ၁၉ ကြောင့် ထုတ်ချေးပေးတဲ့ ပံ့ပိုးချေးငွေတွေရော ယခုလ ၂၂ ရက်နေ့က အားလုံး ထုတ်ချေး ပြီးစီးသွားပြီဖြစ်ပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး ပေးရာမှာလည်း ချေးငွေလာရောက် ထုတ်ချေးကြသော တောင်သူ ဦးကြီးများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ ထုတ်ချေးပေးတာ ဖြစ်ပါတယ်။ နောက်ပြီး ချေးငွေပြန်လည် ပေးဆပ်ရမည့် စည်းကမ်းချက်များကိုလည်း တောင်သူများသိရှိအောင် အသိပေး ရှင်းလင်းဆွေးနွေး ပြောကြားထားပြီး ဖြစ်ပါတယ်” ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ဖွံ့ဖြိုးရေး ဘဏ်ခွဲမှ တာဝန်ခံမြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော် ၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)