မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ အထက-တနင်္သာရီကျောင်းစာကြည့်တိုက်သို့ စာဖတ်/စာငှား စနစ် အဆင်ပြေစေရေးပူးပေါင်းဆောင်ရွက်

တနင်္သာရီ  ဇန်နဝါရီ ၁၁

တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်မှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က အထက-တနင်္သာရီ ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းစာကြည့်တိုက်မှူးနှင့်အတူ စာအုပ်များစနစ်တကျ ငှားရမ်းနိုင်ရေး၊ စိတ်ဝင်စားဖွယ် ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

ကျောင်းစာကြည့်တိုက်အတွင်း စာကြည့်တိုက်ပြင်ဆင်ထားရှိမှု ဥပတိရုပ်ကောင်းမွန်ရေး၊ စာအုပ် စင်တင်စနစ် စိတ်ဝင်စားဖွယ်ဖြစ်စေရေးနှင့် စာဖတ်ခန်းများပြင်ဆင်ရေး၊ စနစ်တကျစာငှားစနစ် ဖြစ်စေရေးအတွက် ဒုဦးစီးမှူး ဒေါ်သီသီခိုင်နှင့်ဝန်ထမ်းများက ကျောင်းစာကြည့် တိုက်မှူး ဒု-အလယ်တန်းပြဆရာမ ဒေါ်ယဉ်ယဉ်ချိုတို့က အတွေ့အကြုံဖလှယ်၍ ပူးပေါင်းပြင်ဆင်ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ အထက-တနင်္သာရီ ကျောင်းစာကြည့်တိုက်တွင်သုတ/ရသစာအုပ်မျိုးစုံ တိုက်ပိုင်သွင်းပြီး စာအုပ်ပေါင်း(၂၀၂၀)အုပ်ရှိကြောင်း၊ အထက်တန်း/အလယ်တန်း/မူလတန်းဟူ၍ စားငှား/စားဖတ်ခန်း (၃)ခန်းခွဲပြီး နေ့စဉ်နံနက်ကျောင်းမတက်မှီအချိန်နှင့် နေ့လည်စာ ထမင်းစားလွတ်ချိန်တို့တွင် အနားယူဖတ်ရှုနိုင်စေရန်နှင့် ပုံမှန်ငှားရမ်းပေးနိုင်ရန် စီစဉ်ပေးထားရှိရာ နေ့စဉ်ဆရာ/မများနှင့်ကျောင်းသား/သူများက ငှားရမ်းလျက်ရှိကြောင်း ကျောင်းစာကြည့်တိုက်မှူး ဒေါ်ယဉ်ယဉ်ချိုထံက သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)