ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရွှေကျင် ဇန်နဝါရီ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀)နာရီက အနောက်ဘက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရွှေကျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က  မူးယစ်ဆေးဝါး၏ဆိုးကျိုးများ ခေါင်းစဉ်၊ ဆေးလိပ်/ ကွမ်းယာများ၏ အန္တရာယ်ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးခဲ့‌ကြောင်းသိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် လက်ကမ်းစာ‌စောင်များအား ဖြန့်ဝေပေးခဲ့ပြီး မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ ကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များ၊ သုတ/ ရသစာအုပ်များကိုပြသခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ ဆက်)