ပေါက်ခေါင်း ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အထက(ခွဲ)အမှတ်-၁ မှကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအေးလှိုင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားရာတွင် ယခင်နှစ်များက ကိုဗစ်-၁၉ရောဂါများ ဖြစ်ပွားနေသည့်အခြေအနေများကြောင့် ပညာရေးစုံညီပွဲတော်များ စည်စည်ကားကားမပြုလုပ်နိုင် ကြောင်းနှင့်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် ဆရာ/ ဆရာမများ၊ ကျောင်းသား မိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ယခုကဲ့သို့ ထူးချွန် ကျောင်းသားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ ဆရာ/ ကျောင်းသားတို့မှ ဆက်လက် ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းနှင့် ကောင်းမွန်သောဘဝတစ်ခုကိုတည်ဆောက်နိုင်ရန်အတွက် အဓိကအချက်က သင်ကြားခဲ့သောပညာများကိုအခြေခံ၍ တိုးတက်ကောင်းမွန်အောင်ကြိုးစားရမည်ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ပညာရေးဌာနမှတာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြို့နယ်အဆင့်ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်အဆင့်အားကစားထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကိုဆုများချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် အကများဖြင့် ကပြ၊ သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)