ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဗန်းမောက် စင်တင်ဘာ ၂၄

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေ ရေးနှင့် အချိန်မီကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ည(၇) နာရီက လိုက်လံနှိုးဆော် အသိပေးခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးခူးပိုလီကပ်နှင့် တပ်ဖွဲ့ဝင် များက မြို့‌ပေါ်ရပ်ကွက်(၄) ရပ်ကွက်အတွင်း လှည့်လည်၍ ဒေသန္တရထုတ်ပြန်ချက်များ  ဖြစ်သည့် ပြည်သူလူထုများအနေဖြင့် မိမိတို့၏ နေအိမ်တွင်သာ Stay At Home နေထိုင်ကြရန်၊ လူစုလူဝေးများ မပြုလုပ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာတွင် နေထိုင်ကြရန်၊ နေအိမ်အပြင်သို့ ထွက်သည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းကို နှာခေါင်းစည်း (Mask)များ စနစ်တကျ မပျက်မကွက် တပ်ဆင်အသုံး ပြုကြရန်၊ လက်တွင်ကပ်ပါ လာနိုင်သော ဗိုင်းရပ်(စ်)ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြရန်၊ တာဝန်ရှိသူမှအပ မည်သူမဆို တာဝန်ရှိသူ၏ ခွင့်ပြုချက်(သို့) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ည(၁၂:၀၀)နာရီမှ နံနက် (၀၄:၀၀) အတွင်း ပြင်ပသွားလာခြင်း မပြုကြရန်၊ စျေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချ ကြရန်၊ ပြည်ပ (သို့) Stay At Home မြို့နယ်များမှ ပြန်လည်ရောက်ရှိ လာသူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး (သို့မဟုတ်) ကျန်းမာရေးဌာနသို့ သတင်းပေးပို့ပြီး သတ်မှတ်ထားသည့် (Quarantine Center)တွင် နေထိုင်ကြရန်၊ မိမိ၏ ကျန်းမာ‌ရေးနှင့်ပတ်သက်၍ သံသယ ဖြစ်ဖွယ် တစ်စုံတစ်ရာ တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာကျင့်သုံး နေထိုင်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိ‌ရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း လိုက်လံအသိပေး နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေးကော်မတီနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနသို့ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များအတွင်း နေ့စဉ် လှည့်လည်၍ အသိ ပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)