နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် (၂၀၂၂-အောင်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပုသိမ် ဇန်နဝါရီ ၁၁

နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပထမနှစ် (၂၀၂၂-အောင်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအား နည်းပညာတက္ကသိုလ်(ပုသိမ်) စက်မှုအင်ဂျင်နီယာဌာန၊ ကျောင်းသား၊ ကျောင်းသူများက “မြကျွန်းညိုညို” သီချင်းဖြင့် အခမ်းအနားအား သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူများက “ဗုဒ္ဓပူဇနိယ” သီချင်းဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “မောင်တို့မယ်တို့သည် ပြီးခဲ့သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  မြန်မာတစ်နိုင်ငံလုံး ဒုတိယအောင်ချက်အကောင်းဆုံးနှင့်  ဂုဏ်ထူးရှင် များစွာလည်း ထွက်ပေါ်ခဲ့အောင် ကြိုးစားခဲ့ကြသူများ ဖြစ်ပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင်လည်း ညီငယ်၊ ညီမငယ်များ ရာနှုန်းပြည့် အောင်မြင်စေရေး အတွက်လည်း တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းပံ့ပိုးကြစေလိုကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာကဏ္ဍသည် လွန်စွာအရေးပါလာပြီဖြစ်၍ ကမ္ဘာ့အဆင့်မီ နည်းပညာရပ်များအား ကျောင်တော်ကြီးမှ သင်ကြားပို့ချလျက်ရှိပြီး မောင်မယ်တို့၏ သင်ယူနိုင်မှု၊ လေ့လာနိုင်မှု၊ တီထွင်ဆန်းသစ်နိုင်မှု၊ အတွေးအခေါ် အယူအဆများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် အားဖြည့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊  မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်၍ လက်မှု လယ်ယာမှသည် စက်မှုလယ်ယာသို့ ကူးပြောင်းဆောင်ရွက်လျက်ရှိပြီး စက်မှုကဏ္ဍ၊ နည်းပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မောင်တို့မယ်တို့၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ကိုယ်ပိုင်းအတွေးအခေါ် ကိုယ်ပိုင် ဉာဏ်စွမ်းဖြင့် စဉ်းစားတွေးခေါ်၍ ခေတ်မီနည်းပညာရပ်များအား ကြိုးစားလေ့လာသင်ယူ ဆောင်ရွက်ကြပြီး တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အားကိုးအားထာ းပြုနိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးမွန်များ ဖြစ်ကြပါစေကြောင်း” နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားပြီး နည်းပညာတက္ကသိုလ်(ပုသိမ်) ဒုတိယပါမောက္ခချုပ်ထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားများ ဆက်လက်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသရုပ်ဖော်အကများနှင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် (၂၀၂၂ -၂၀၂၃) ပညာသင်နှစ်တွင် ဘာသာရပ်အလိုက် ပထမနှစ်မှ ဆဋ္ဌမနှစ်အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၁၉)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)