ပြည် ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အထက(အောင်ဆန်း)ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီခွဲက အဆိုပါကျောင်း "အောင်ဆန်း"ခန်းမ၌ကျင်းပရာ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘ/ အုပ်ထိန်းသူများ၊ ဆရာဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
ပညာရေးစုံညီပွဲတော်ကျင်းပရာတွင် အဆိုပါကျောင်း KG တန်းမှ Grade-11အထိ ကျောင်းသား၊ ကျောင်းသူကလေးများ၏ တစ်ဦးချင်းနှင့် အဖွဲ့လိုက် တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ယမန်နှစ်က အဆိုပါကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသော ကျောင်းသား/ ကျောင်းသူများ၊ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲ ဆုရကျောင်းသား/ ကျောင်းသူများ၊ တိုင်းအဆင့် အာကစားနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများတွင် ဆုရကျောင်းသား/ ကျောင်းသူများ၊ ကျောင်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲဆုရသူများ၊ လူရည်ချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများနှင့် မြို့နယ်အဆင့်စွမ်းရည်ဆုရ ကျောင်းသား/ ကျောင်းသူများကို ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့တာဝန်ရှိသူများက ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး အဆိုပါထူးချွန်ဆုရကျောင်းသား/ ကျောင်းသူများကို သက်ဆိုင်ရာဘာသာရပ်အလိုက် ကဏ္ဍအလိုက် သင်ကြားပြသပေးသော ဆရာ/ ဆရာမများကိုလည်း ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ ဆက်)