ကျုံပျော် ဇန်နဝါရီ ၁၀
ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရမည့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ သောင်ရွာ - ငါးရံ့ချောင်းလမ်း ခွဲကျောက်အမာခံခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူမင်းနှင့် တာဝန်ရှိသူများမှ လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း၊ အဆိုပါလမ်း (၀/၆.၇၅) မိုင်၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၉၀.၈၉၁) သန်းဖြင့် စည်သူကျော်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး၊ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း၊ အဆိုပါလမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၅) ရွာ၊ အိမ်ခြေ (၉၀၀) ကျော်မှ လူဦးရေ (၁၃၀၀) ကျော်နှင့် မြို့နယ်နယ်နိမိတ်ခြင်း ထိစပ်သည့် ရေကြည်မြို့နယ်မှ ကျေးရွာပြည်သူများ၏ လူမှုစီးပွားဘဝအတွက်များစွာ အကျိုးကျေးဇူး ရှိလာမည်ဖြစ်ကြောင်း သိရသည်။
ယခုဘဏ္ဍာရေးနှစ်တွင် ကျုံပျော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ကရစ်တံတား (၂) စင်း စုစုပေါင်းအရှည်ပေ (၄၅၀) ၊ ကွန်ကရစ်လမ်း (၂) လမ်း (၀/၇.၃၄) မိုင်နှင့် ယခု ကျောက်ချောလမ်း (၁) လမ်း (၀/၆.၇၅) မိုင် တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)