ဘားအံ ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကရင်ပြည်နယ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၉ ရက်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ဘက်စုံပညာထူးချွန်ဆုပေါင်း ၈၁ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ပြည်နယ်ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ယနေ့ အခမ်းအနားသည် ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ပြည်နယ်အဆင့် ပညာရေး စုံညီပွဲတော်ဖြစ်ပြီး ဘက်စုံထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ၊ စာပေပြိုင်ပွဲ ထူးချွန်သူများကို ဂုဏ်ပြုသည့် အခမ်းအနားလည်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ကျောင်း ပိုမိုတိုးတက်မြင့်မားစေရန် မိမိတို့၏တပည့် ကျောင်းသား၊ ကျောင်းသူများမှ ယခုကဲ့သို့ ဂုဏ်ယူ ထိုက်သူများဖြစ်စေရန် စေတနာ၊ သိက္ခာ၊ ပညာ၊ ဝီရိယများကို အစွမ်းကုန်မြှင့်တင်ပြီး လေ့ကျင့်သင်ကြား မြေတောင်မြှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဘက်စုံပညာထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဘက်စုံပညာထူးချွန် ဆုပေါင်း ၈၁ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဘက်စုံပညာထူးချွန်ဆုချီးမြှင့်အပြီးတွင် ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ပညာရေးစုံညီပွဲတော်တွင် ခင်းကျင်းပြသထားသော သိပ္ပံလက်တွေ့နှင့် အိမ်တွင်းမှုလှုပ်ရှားမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)