ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ နှစ်ဦး စတင်တွေ့ရှိ

ခင်ဦး စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ အသက် (၂၀) နှစ်နှင့် အသက် (၂၃) နှစ် လူနာအမျိုးသမီးနှစ်ဦးကို ယမန်နေ့က စတင် တွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းယုကို ထံမှ သိရသည်။

ခင်ဦးမြို့နယ်မှ ကိုဗစ်-၁၉ အတည်ပြုလူနာ နှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ စက်တင်ဘာလ ၇ ရက်နေ့က အောင်ရတနာ ကားဖြင့် ပြန်လည်ရောက်ရှိလာရာ ပိုးတွေ့လူနာ နှစ်ဦးအပါအဝင် ရန်ကုန်ပြန် (၁၂) ဦးကို ခင်ဦးမြို့ကားဂိတ်တွင် ကံသာယာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ ကားဖြင့် သွားရောက်ခေါ်ယူပြီး ကံသာယာ (တ) စာသင်ကျောင်းတွင် အသွားအလာ ကန့်သတ် စောင့်ကြည့် နေရာတွင် ထားရှိခဲ့ပြီး ၂၂ ရက်နေ့တွင် အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ်ကို နမူနာယူခဲ့ကြောင်း ကံသာယာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်က ပြောသည်။

ပိုးတွေ့သူနှစ်ဦးနှင့် အတူနေသူ(ပိုးမတွေ့) တစ်ဦးကို ယမန်နေ့ ညနေ ၇ နာရီက မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းအောင်နှင့်အဖွဲ့က ကံသာယာကျေးရွာ အသွားအလာ ကန့်သတ် စောင့်ကြည့်သည့်နေရာမှ ခေါ်ယူပြီး မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်သို့ ဆေးကုသရန် ပြောင်းရွေ့ထားပြီး ဖြစ်ကြောင်း၊ အတူနေ(ပိုးမတွေ့) သူတစ်ဦးအပါအဝင် ပိုးတွေ့လူနာနှင့် ထိတွေ့သူ (၁၂) ဦးနှင့် အခြား (၁၅) ဦး စုစုပေါင်း (၂၇) ဦးကို ဓာတ်ခွဲကျွမ်းကျင်-၂ နှင့် ကျန်းမာရေး ဝန်ထမ်းများက အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ် ဓာတ်ခွဲနမူနာယူပြီး မန္တလေးမြို့ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ မြို့နယ်ကြက်ခြေနီအသင်းက တာဝန်ယူ ပေးပို့လျက် ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

အဆိုပါ ပိုးတွေ့သူနှစ်ဦးနှင့် အတူနေသူ(ပိုးမတွေ့) တစ်ဦးတို့အား ယနေ့နံနက်ပိုင်းက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်နှင့် ဇနီး ဒေါ်ခင်သန်းနု၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စန်းယုကိုတို့က ၎င်းတို့ထံ သွားရောက်ပြီး လက်ဆောင်ပစ္စည်းများနှင့် အားပေးစကား ပြောကြားခဲ့ကြောင်း သိရ သည်။

စိုးဝေအောင်(ခင်ဦး)