တောင်တွင်းကြီးမြို့ အ.ထ. က(ခွဲ)အုန်းတောကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ  ၉

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာလျှောက်လှမ်းနိုင်ကြစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ အ.ထ.က(ခွဲ)အုန်းတောကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအိက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ် ဝင်းမေထွန်းက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်အကျင့်စာရိတ္တကောင်းမွန်ရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်​မြတ်ရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ ပြည်‌ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ပြီး၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့်က တိုင်းရင်း‌ဆေးဝါးများနှင့် တိုင်းရင်းဆေးတွင်ပါဝင်သော ဆေးမီးတိုများအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးကစားသုံးရန်မသင့်သည့်အစားအစာများ၊ ကုန်ညွှန်းအမှတ်အသားခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်‌ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်းအန္တရာယ်၊ စာပေလေ့လာဖတ်ရူ့ခြင်း နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)