ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ၏ လူသုံးကုန်ထုန်လုပ်မှုနည်းပညာသင်တန်း ဒုတိယအကြိမ်မြောက်ဖွင့်လှစ်

လွိုင်ကော် ဇန်နဝါရီ ၉

ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ၏ လူသုံးကုန်ထုန်လုပ်မှုနည်းပညာသင်တန်း ဒုတိယအကြိမ်မြောက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၌ ကျင်းပရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီ၀င်များ၊ သင်တန်းဆရာများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်၀င်းက အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍ​​ရေးနှစ်အတွင်း ပြည်နယ်အစိုးရ၏ အထောက်အပံ့ဖြင့် ဒုတိယအကြိမ်မြောက် ဖွင့်လှစ်သော လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာ သင်တန်းဖြစ်ကြောင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်း၏ အကျိုးရလဒ်အနေဖြင့် ပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ကာ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေး၀မ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်းဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ပထမငါးနှစ်စီမံချက်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာ၌ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်းစသဖြင့်ပြောကြားခဲ့သည်။                                                                      
ဆက်လက်၍ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးကျော့ခိုင်က ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ၏ လူသုံးကုန်ထုန်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

သင်တန်းတွင် ဆပ်ပြာအခဲ၊ ဆပ်ပြာအရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ မှန်ကြည်ဆေးရည်နှင့် လက်သန့်ဆေးရည်အမျိုးမျိုး ထုတ်လုပ်ခြင်းများကို စာတွေ့၊ လက်တွေ့ဖြင့် သင်တန်းကာလအား ငါးရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၆) ဦးတက်ရောက်သင်ကြားခဲ့ကြသည်။

အဆိုပါသင်တန်းပြီးမြောက်ပါက တပိုင်တနိုင်ထုတ်လုပ်ခြင်းမှသည် စီးပွားဖြစ်ထုတ်လုပ်ရေးများအထိ ဆောင်ရွက်နိုင်မှာဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာနများနှင့်ဆက်သွယ်၍ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုဇင်(ပြန်/ ဆက်)