သာပေါင်း ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ "ကြက်ခြေနီလှုပ်ရှားမှုနှင့် ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြောပွဲ"ကို ဇန်နဝါရီလ ၇ ရက်နေ့နံနက် ၁၀ နာရီအချိန်က သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
အသိပညာပေး ဟောပြောပွဲနှင့် အသင်းခွဲငယ် အစည်းအဝေးတွင် မြို့နယ်တပ်ဖွဲ့မှူး ဦးသက်ညီညီမင်းမှ ဟောပြောပွဲပြုလုပ်ရသော ရည်ရွယ်ချက်နှင့် အကြောင်းရင်းများကို မိတ်ဆက် ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးဇော်ဝင်းနိုင်က ကြက်ခြေနီ လှုပ်ရှားမှုများနှင့် ရှေးဦးပြုစုခြင်း၏ အရေးပါပုံများကို လက်တွေ့သရုပ်ပြ ဟောပြော ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာသင်ကျောင်းတွင်အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ဒုတိယ မြို့နယ်တပ်ဖွဲ့မှူး ဦးဇော်ဝင်းနိုင်က ပေးအပ်လှူဒါန်းရာ တာဝန်ခံကျောင်းအုပ်ကြီးမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းကြက်ခြေနီအသင်းခွဲငယ် တာဝန်ခံအဖွဲ့နှင့်တွေ့ဆုံပြီး အသင်းခွဲငယ် ဖွဲ့စည်းရခြင်းနှင့် ပတ်သက်သော ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မြို့နယ်အသင်းခွဲမှ ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထုတ်ဝေသော ကြက်ခြေနီလှုပ်ရှားမှုအကြောင်း သိကောင်းစရာ စာအုပ်များနှင့် စာရွက်စာတမ်းများကို အသင်းခွဲငယ်ထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်