ရေဖြူ၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရေဖြူ ဇန်နဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်  အထက-‌ရေဖြူကျောင်းခန်းမတွင် ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွက် ကျောင်းသူ/သားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံ ပညာဖွံ့ဖြိုးရေး အတွက်မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ရာ ကျောင်းသူ/သားများက လောကမီးအိမ်သီချင်းဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ဆက်လက်၍ ပညာရေးစုံညီဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်ကက ပညာရေးစုံညီပွဲတော်၏ ရည်ရွယ် ချက်နှင့် ပညာရေး၏ တန်ဖိုးများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက ကျောင်းဘက်စုံဖွံ့ဖြိုးစေရေးအတွက် ကျောင်းသားမိဘများက ဝိုင်းဝန်းပံ့ပိုးပူးပေါင်းကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားပေးခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွင်း ကမ္ဘာ့ဆရာများနေ့၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၊ ကျောင်းကျန်းမာရေးနေ့၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၊ (၇၅)နှစ်မြောက် စိန်ရတု အာဇာနည်နေ့နှင့် လွတ်လပ်ရေးနေ့ စသည့် အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲဆုနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု၊ စာပေဘာသာ (အင်္ဂလိပ်/သင်္ချာ)ထူးချွန်ဆု ရရှိခဲ့ကြသည့် အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့်မှ ကျောင်းသူ/သားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးဦးမောင်ညိုက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် အ-ထ-က ရေဖြူမှ မူလတန်းအဆင့် ကျောင်းသူ/သားလေးများက အကဖွဲ့အလိုက် အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြပြီး နံနက် ၁၁ နာရီ အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်သို့ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ကျောင်းအုပ်ဆရာကြီးများ၊  ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား/သူများ ပျော်ရွင်စွာ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ခတ္တာ