လိပ်သို ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ (ကလောင်စုံ) ရေးသားသော “လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ကြွယ်၀နိုင်ကြောင်းနှင့် လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင် မမေရီဝင်းက စာရေးဆရာ သိန်းအေး၏ “ လူငယ်တွေလက်ခံနေတဲ့ ယဉ်ကျေးမှု” ခေါင်းစဉ်ထဲမှ ယဉ်ကျေးမှု ဆိုတာဘာလဲ၊ ရုပ်နာမ်ယဉ်ကျေးမှု၊ ဒီကနေ့လူငယ်တွေ ဘယ်ယဉ်ကျေးမှုကို စံထားရမလဲ။ ရင်ဘတ်ထဲမှာရော မြန်မာ့ယဉ်ကျေးမှု ဘယ်လောက်ထည့်ထားပြီးပြီလဲ၊ ဆန်းစစ်ရမယ်၊ ပြုပြင် ထိန်းကျောင်းပေးရတော့မယ့် အချိန်ကို ရောက်နေပါပြီ။ ဒီကနေ့ လူငယ်တွေ သိထားရမှာက မြန်မာဆိုတာ နှစ်ပေါင်း ၂၀၀၀ ကျော် ကတည်းကပင် ယဉ်ကျေးမှုရှိတဲ့လူမျိုးဖြစ်ကြောင်း၊ မြန်မာဆိုတာ ကိုယ့်ဘာသာ၊ ကိုယ်စာ၊ ကိုယ် ယဉ်ကျေးမှု၊ ကိုပိုင်ဟန်၊ ကိုယ်ပိုင်စံရှိပြီးသား လူမျိုးဆိုတာ မမေ့ဖို့လိုကြောင်း စသည့်စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခင်လေးနွယ် (လိပ်သို)