မြိတ်မြို့ ရေပုန်းရပ်ကွက်ဖွံ့ဖြိုးရေးကော်မတီသို့ တိုက်ခန်း(၅)ခန်းလွှဲပြောင်းပေးအပ်

မြိတ်  ဇန်နဝါရီ  ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပုန်းရပ်ကွက် အောက်ရေပုန်းလမ်းမကြီးတွင် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ တည်ဆောက်ပြီးစီးခဲ့သော (၅)ခန်းတွဲ(၅)ထပ်အဆောက်အဦ မြေညီထပ်(၅)ခန်းကို ရေပုန်းရပ်ကွက်ဖွံ့ဖြိုးရေးကော်မတီသို့ ဇန်နဝါရီ(၈)ရက် နံနက်(၁၀)နာရီက ကုမ္ပဏီအစည်းအဝေးခန်းမတွင် လွှဲပြောင်းပေးအပ်သည်။

ရေပုန်းရပ်ကွက်ဖွံ့ဖြိုးရေးကော်မတီသို့ လွဲပြောင်းပေးအပ်သည့် မြေညီထပ် အခန်း(၅)ခန်းသည် ရပ်ကွက်ဓမ္မာရုံ(၁)ခန်း၊ စာကြည့်တိုက် (၁)ခန်း၊ မီးသတ်ကားထားသည့်အခန်း(၁)ခန်း၊ မီးသတ်တပ်စုရုံး(၁)ခန်း၊ မီးသတ်တပ်ခွဲရုံး(၁)ခန်းတို့ဖြစ်ပြီး လွှဲပြောင်းပေးသည့် အခန်း(၅)ခန်းသည် (၁၈)ပေ၊ (၂၇)ပေ ထပ်ခိုးပါအခန်းများဖြစ်ကြောင်း သိရသည်။    

လွှဲပြောင်းပေးအပ်ပွဲတွင် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဉာဏ်ဇော်မှ အဖွင့်အမှာစကားပြောကြားပြီး မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဉက္ကဋ္ဌ ဦးလှသန်းက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ကုမ္ပဏီစီမံကိန်း ဒါရိုက်တာ ဦးတင်စိုးမှ တိုက်ခန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုက်ခန်း(၅)ခန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြိတ်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ၊ ကုမ္ပဏီဉက္ကဋ္ဌနှင့်တာဝန်ရှိသူများက ရေပုန်းရပ်ကွက်ဖွံ့ဖြိုးရေး ကော်မတီသို့ လွဲပြောင်းပေးအပ်ရာ ရပ်မိရပ်ဖများက လက်ခံရယူပြီး  ရပ်မိ/ရပ်ဖ ဦး‌အောင်မြင့် က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး(မြိတ် ပြန်/ဆက်)