သရက် ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး(၂)ဦးအား ပီတိပညာရေးပရဟိတမှ ငွေ(၁၅)သိန်းစီထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင်ပီတိပညာရေး ပရဟိတနာယက ဦးတင်ထွဋ်နှင့် ဦးအောင်ကျော်စိုးက ယခုလိုသက်ပြည့်အငြိမ်းစားယူပြီး ဆရာကြီး ဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာ အလှူငွေ ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေကောက်ခံ ဆောင်ရွက်ရသည့်အခြေအနေများကို ရှင်းလင်းပေးခဲ့သည်။
ထို့နောက်အငြိမ်းစားပင်စင်ယူထားသည့် ဆရာမကြီး(ငြိမ်း) ဒေါ်စိန်ဌေးနှင့် ဆရာမကြီး ဒေါ်စန်းစန်းအေး ကိုယ်စား ဒေါ်မိုးသီတာတို့အား ပီတိပညာရေးပရဟိတမှထောက်ပံ့သည့်ငွေကျပ် (၁၅)သိန်းစီကို ပီတိပညာရေး ပရဟိတနာယက နာယက ဦးတင်ထွဋ်က ပေးအပ်ရာ လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ယင်းနောက် အငြိမ်းစား သက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ရန်အတွက်ပညာရေး(ငြိမ်း) ဆရာမကြီး(ငြိမ်း) ဒေါ်စိန်ဌေးက(၃)သောင်းကျပ်နှင့် ဆရာမကြီး ဒေါ်စန်းစန်းအေး ကိုယ်စား ဒေါ်မိုးသီတာက (၅)သောင်းကျပ် လှူဒါန်းရာ ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဆရာမဒေါ်တင်တင်ယုက လက်ခံ ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)