ရေနံချောင်း ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေနံချောင်းမြို့နယ် ဦးစီးမှူးရုံးတို့ပူးပေါင်းကာ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပ ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရခြင်း၏ရည်ရွယ်ချက်၊ မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ငန်းစဉ်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများအထိ ကွင်းဆင်းကောက်ယူသွားမည့် အစီအစဉ်များ၊ မသန်စွမ်း (၅) မျိုးကို ထည့်သွင်းကောက်ယူခြင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဂေဟာ၊ ဟိုတယ်နှင့် တည်းခိုခန်း တွေပါမကျန် စာရင်းကောက်ယူခြင်း၊ စာရင်းကောက်ယူတဲ့အချိန်မှာ မွေးတိုး၊ သေဆုံး၊ အမည်၊ မွေးသက္ကရာဇ်နှင့် အခြားအကြောင်းအရာ လွဲမှားမှုများရှိနေပါက ဆောင်ရွက်မည့်အစီအစဉ်များ စသည့် အကြောင်းအရာများကို ပြည်သူများအသိပညာဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်အောင်ကျော်တို့က ပြည့်ပြည့်စုံစုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၄၅၈၃၅ စုရှိပြီး အဆိုပါ အိမ်ထောင်စုများအား စာရင်းကောက်အဖွဲ့ ၁၁၄ ဖွဲ့ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း အမှန်များရရှိရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)