ပွင့်ဖြူ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ခြုံကျေးရွာအုပ်စု၊ ဆင်စုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အဌမအကြိမ်ထုတ်ချေးပေးခြင်းကို ဇန်နဝါရီ ၇ ရက်၊ ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့်စီမံကိန်း တာဝန်ခံဝန်ထမ်းများက ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေမည့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ရာ၌ ရန်ပုံငွေလေလွင့်ဆုံးရှုံးမှု မဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရန်ပုံငွေစာရင်းဇယားများကို စနစ်တကျမှတ်တမ်းပြုစု ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့နယ် ဆင်စုကျေးရွာရှိ မြစိမ်းရောင်စီမံကိန်း အသင်းဝင်များထံမှသတ္တမအကြိမ် ထုတ်ချေးပေးထားသည့် စီမံကိန်းရန်ပုံငွေများကို ပြန်လည်ကောက်ခံရယူပြီး အဌမအကြိမ်မြောက်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၆ ဦးကို ငွေကျပ် ၁၃ ဒသမ ၆၅ သန်း ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၅၀ ဦးကို ငွေကျပ် ၁၂ ဒသမ ၇၅ သန်း ၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၇၈ ဦးကို ငွေကျပ် ၁၈ ဒသမ ၈၅ သန်း ၊ စုစုပေါင်း စီမံကိန်းအသင်းသား ၊ အသင်းသူ ၁၆၄ ဦးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၅ ဒသမ ၂၅ သန်းကို အသင်းသားများ လက်ဝယ်အရောက် နေ့ချင်းပြီး စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)