ပခုက္ကူ ဇန်နဝါရီ ၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ပညာသင်နှစ်အလိုက် ဝိဇ္ဇာ/သိပ္ပံဘွဲ့ရ လူငယ်မောင်မယ်များ နေ့သင်တန်း (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ စီမံခန့်ခွဲရေးနှင့်အဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ပါမောက္ခများက ဝတ်ရုံတော်များဝတ်ဆင်၍ ဘွဲ့နှင်းသဘင်ခန်းမစင်မြင့်ထက်သို့ ကြွရောက်ကြပြီး ခေတ္တပါမောက္ခချုပ်က သက်ဆိုင်ရာစာမေးပွဲများကို ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူများအား ဘွဲ့အပ်နှင်းရန် ဤတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ကို ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ဘွဲ့ရမောင်မယ်များအား မေးခွန်းများ မေးမြန်းသည်။
ယင်းနောက် နိုင်ငံတဝှမ်းရှိ တက္ကသိုလ်များ၏ ဘွဲ့နှင်းသဘင်အခမ်းအနား လုပ်ထုံးလုပ်နည်းအစီအစဉ်များနှင့်အညီ အခမ်းအနားကိုကျင်းပခဲ့ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၁-၂၀၂၂ပညာသင်နှစ်အထိ ကျင်းပခဲ့သော နေ့သင်တန်းစာမေးပွဲများတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် မဟာဝိဇ္ဇာဘွဲ့(၁၉)ဦး၊ မဟာသိပ္ပံဘွဲ့(၄၅)ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့(၁၀)ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ (၂၈)ဦး၊ဝိဇ္ဇာဘွဲ့(၂၂)ဦး၊သိပ္ပံဘွဲ့(၄၀)ဦး၊ စုစုပေါင်း ဘွဲ့ရမောင်မယ်(၁၆၄)ဦးနှင့် အဝေးရောက်ဘွဲ့ရမောင်မယ် (၁၆၇)ဦးတို့အား ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဘွဲ့များအသီးသီး အပ်နှင်းချီးမြှင့်သည်။
ထို့အပြင် အဝေးသင်သင်တန်း(ပထမအကြိမ်) ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီလ၈ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ပညာသင်နှစ်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အထိကျင်းပခဲ့သော အဝေးသင်သင်တန်းစာမေးပွဲများတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဝိဇ္ဇာဘွဲ့(၂၁၃)ဦး၊ ဥပဒေပညာဘွဲ့(၁၁)ဦး၊ စီးပွားရေးပညာဘွဲ့(၅)ဦး၊ စီးပွားစီးမံဘွဲ့(၂)ဦး၊ သိပ္ပံဘွဲ့(၁၄၆)ဦး၊ စုစုပေါင်းတက်ရောက်ဘွဲ့ရမောင်မယ် (၃၇၇)ဦးနှင့် အဝေးရောက်ဘွဲ့ရမောင်မယ် (၃၆၇)ဦးရှိကြောင်း သိရသည်။
အခမ်းအနားကို အနာဂါတ်နိုင်ငံတော်အတွက် အားကိုးယုံကြည်ရမည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးတည်ဆောက်ရာတွင် မိမိတို့တတ်မြောက်သည့် ပညာရပ်များဖြင့် ကဏ္ဍပေါင်းစုံမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ကြစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ မပပျောက်စေရေး မြတ်နိုးထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ခေတ္တပါမောက္ခချုပ်ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြား/စီမံဌာနမှူးများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)