ပွင့်ဖြူ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်အတွက် မြို့တွင်း လမ်းဘေး(ဝဲ ၊ ယာ)များနှင့် ပြည်သူများ စိတ်အပန်းဖြေ နေရာဖြစ်သည့် ပွင့်မာလာပန်းဥယျာဉ်ခြံတွင် ပန်းအလှပင်များ စိုက်ပျိုးရန်အတွက် ယနေ့ နံနက်ပိုင်းက ပန်းအလှပင်များ ပျိုးထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ရေဆိုးထုတ်မြောင်းနှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ မြို့တွင်းလမ်းများနှင့် ရပ်ကွက်တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း၊ မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာ စိမ်းလန်းစိုပြည်စေရန် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ပန်းအလှပင်များပျိုးထောင်ခြင်း၊ လမ်းဘေး(ဝဲ၊ယာ)ရှိ စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့် ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ မြို့နေပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက မြို့ပြအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲသန့်ရှင်းသာယာ စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့တွင်းလမ်းဘေး(ဝဲ၊ယာ)များတွင် ပန်းအလှပင်များ စိုက်ပျိုးနိုင်ရန်အတွက် ပွင့်မာလာပန်းဥယျာဉ်ခြံရှိ ပျိုးဥယျာဉ်တွင် မြေလျှောက်အကြားပန်းအလှပင် ၁၄၀ ပင်၊ ကတ္တီပါရွက်လှပန်းပင် ၅၀ ပင်နှင့် ဆူးမွှေးကြား ပန်းအလှပင် ၇၀ ပင် တို့ကို ပျိုးထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် ရုံးဝန်းကျင် သာယာစိမ်းလန်းစိုပြည်စေရန်အတွက် ကတ္တီပါရွက်လှပန်းပင် ၅၀ အား စုပေါင်းစိုက်ပျိုး ဆောင်ရွက်ခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)