အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပညာစံအိမ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ဘားအံ ဇန်နဝါရီ ၇

နိုင်ငံတော်ဖွံ့ဖြိုးတိုတက်ရေးလုပ်ငန်းများတွင် ကြီးမားသောလူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုး တက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာစံအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့နယ်၊ ပညာစံအိမ်ကိုယ်ပိုင် အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပညာစံအိမ်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဘေဘီက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး၊ စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် စကားဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် ပညာစံအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာဦးသန်းအောင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ပညာစံအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်စည်သူစိုးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မထက်ဖွေးဦးက လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလှအိမ်သူက လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ထက်သီဟနိုင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမြတ်နန္ဒာမိုးက လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ရဲရင့်ခန့်က လူငယ်နှင့်အိုင်တီနည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင် ဆွေးနွေးကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ပြည့်စုံပညာ ရတနာမိုးကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ အ-လ-က(ခွဲ-မဲဘောင်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက မရှင်းလင်းသည်များ၊ သိရှိလိုသည်များအား မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပညာစံအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ပြည့်စုံပညာရတနာမိုးကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ-မဲဘောင်)မှ ဆရာ/ဆရာမများ၊  ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)