ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် မြို့ဝင်ဂိတ်၌ အထူးကြပ်မတ် စစ်ဆေး

ဂန့်ဂေါ စက်တင်ဘာ ၂၄

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ အဝင်ဂိတ်များ၌ အရှိန်အဟုန်မြှင့်၍ ဌာနဆိုင်ရာဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးခြင်းနှင့် လူဝင် လူထွက် စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းတို့ကို စက်တင်ဘာ ၁၅ ရက်နေ့မှစတင်၍ နေ့စဉ် ၂၄ နာရီမပြတ် မြို့ဝင်စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့စစ်ဆေးရာတွင် ပုလဲ-ဂန့်ဂေါ-ကလေးလမ်းစုံ စစ်ဆေးရေးဂိတ်နှင့် အောင်မြင်ကျေးရွာ စစ်ဆေးရေးဂိတ်တို့တွင်  ဂန့်ဂေါမြို့သို့ အခြားဒေသများမှ လာရောက်ကြသူများ၊ ခရီးသွားများနှင့် မော်တော်ယာဉ်များ အားလုံးတို့ကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အဝင်/အထွက်ကြည့်ရှု စစ်ဆေးခြင်း နှင့် ကိုဗစ်ဖြစ်ပွားသည့် ဒေသမှ လာရောက်ကြသူများတို့အား ခိုင်လုံသော အထောက်အထား များပြစေခြင်း တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ် ဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများတို့ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်တို့မှ ပြန်လာသူ များအား Quarantine ဝင်စေခြင်းနှင့် စစ်ဆေးရေးဂိတ်၌ စောင့်ကြပ်ကြည့်ရှုစစ်ဆေးရာတွင် စည်းကမ်း နှင့်မညီညွတ်ပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း Quarantine ဝင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)