ကြာအင်းဆိပ်ကြီးမြို့နယ်တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၂၄

ကိုဗစ်-၁၉ ဖြစ်ပွားနေမှုအခြေအနေအရ နိုင်ငံတော်အစိုးရက ချမှတ် အကောင်ထည်ဖော် ဆောင်ရွက် လျက် ရှိသည့် စီးပွားရေးကုစားမှု CERP Plan အရ ကျေးလက်ဒေသနေ တိုင်းရင်းသားပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများရရှိစေရေး မိမိတို့ကျေးရွာအတွင်း လမ်းတံတားနှင့် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မိမိတို့ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်ပြီး လုပ်အားခဝင်ငွေများရရှိစေရေးအတွက် Cash for Work စီမံကိန်းလုပ်ငန်းများနှင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်စေရေးအတွက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ချေးငွေများကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစီမံကိန်းလုပ်ငန်းများကို ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် CERP အစီအစဉ်အရ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း Cash for Work စီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း (၁၀၀)ဖြင့် စုစုပေါင်းကျေးရွာ (၁၅) ရွာအား ငွေကျပ်သိန်း (၁၅၀၀) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံကျေးလက်ပြည်သူများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လမ်းပြုပြင်ခြင်းလုပ်ငန်း (၁၃) ခု ကျန်းမာသန့်ရှင်းရေး (၁) ခု ကျေးရွာပိုင်အားကစားကွင်းပြုပြင်ခြင်း (၁) ခု လုပ်ငန်းများအားအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့နောက် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် (Type-1) ကျေးရွာ (၄) ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း (၃၀၀)၊ (Type-2) ကျေးရွာ (၃) ရွာအား တစ်ရွာလျှင် ငွေကျပ် သိန်း (၂၀၀) နှင့် (Type-3) ကျေးရွာ (၁) ရွာ ငွေကျပ်သိန်း (၁၀၀) ဖြင့် စုစုပေါင်း ကျေးရွာ (၈) ရွာ ငွေကျပ်သိန်း (၁၉၀၀) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းကျေးရွာများမှ ဒေသခံပြည်သူများမှ စိုက်ပျိုးရေးမွေးမြူရေးနှင့် အသက်မွေးဝမ်းကြောင်းနှင့် အရောင်းအဝယ်ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်အကောင်အထည်ဖော်ဆောင်နေပြီးဖြစ်ကြောင်း မြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးရန်နိုင်ထံမှ သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)