လွတ်လပ်ရေးဆုတောင်းပြည့်စေတီတော် ဗုဒ္ဓါဘိသေကအနေ ကဇာတင်ပူဇော်ခြင်း အခမ်းအနား ကျင်းပ

ဖလမ်း ဇန်နဝါရီ ၅

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်တွင် တည်ထားကိုးကွယ်သော လွတ်လပ်ရေးဆုတောင်းပြည့် စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရောင်ခြည်တော်ဖွင့်ရွှေသင်္ကန်းတော် ပြန်လည်ကပ်လှူပူဇော်ခြင်း၊ ရောင်စုံလျှပ်စစ်မီးများ သွယ်တန်းတပ်ဆင်လှူဒါန်းခြင်း၊ အရံစေတီတော်များ၊ လွတ်လပ်ရေးသိမ်တော်၊ မဟာဗောဓိညောင်ပင်၊ တံခွန်တိုင်စေတီတော်တို့အား ဘက်စုံမွမ်းမံခြင်း၊ ကြွေပြားခင်းလှူဒါန်းခြင်းနှင့် ဓမ္မာရုံအတွင်း သံဃာစင်ပြုလုပ်လှူဒါန်းခြင်းတို့အတွက် ရေစက်သွန်းချအလှူတော်မင်္ဂလာ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်၊ နံနက်ပိုင်းက လွတ်လပ်ရေးဆုတောင်းပြည့်စေတီတော်နှင့် မဟာဗောဓိညောင်ပင်တွင် ကျင်းပသည်။

အခမ်းအနားတွင် နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သံဃာတော်အရှင်သူမြတ်များ၏ ဦးဆောင်မှုဖြင့် ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များနှင့် ပရိသတ်များက စေတီတော်ရင်ပြင်သို့ ကြွရောက်နေရာယူကာ လွတ်လပ်ရေးဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ကြ သည်။

ဆက်လက်၍ ဧည့်ပရိသတ်များက တစ်မိုင်သာသနာပြု ကျောင်းဆရာတော် ဘဒ္ဒန္တဦးသုမန (မဟာသဒ္ဓမ္မဇောတတိကဓဇ) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်သရဇ္ဈာယ်တော်မူကြမည့် ပရိတ်တရားတော်များကို နာယူကြည်ညိုပူဇော်ကြသည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူ ဒါန်းသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အနုမောဒနာတရားနာကြားကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သာသနာပြုအဓိဌာန် (၃) ကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။

အဆိုပါစေတီတော်ကြီးသည် တောင်တန်းသာသနာပြု ဆရာတော်ဦးဥတ္တမသာရက မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အုတ်မြစ်စီတည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်စေတီတော်တစ်ဆူဖြစ်ပြီး ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းဖြစ်ကြောင်း သိရ သည်။

အခမ်းအနားသို့ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ၊ ဒေသခံဗုဒ္ဓဘာသာများ တက်ရောက်ကြကြောင်း သိရသည်။

ရဲမြင့်အောင် (ဖလမ်းမြို့)