ပွင့်ဖြူ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်၌ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရားလေးဆူ ကြွရောက်သီတင်းသုံးတော်မူခဲ့သည့် ရုံလေးရုံဘုရား(အောင်မြေလေးနေရာ)တည်ရှိသဖြင့် ထူးခြားလှသည့်နေရာဒေသတစ်ခုဖြစ်၍ ခရီးသွားရာသီချိန်တိုင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးပြည်သူများကို လာရောက်ဖူးမြော်စေချင်ပါသည်။
ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု(၅၆)အုပ်စု၊ ကျေးရွာပေါင်း ၂၀၅ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး သဘာဝအတိုင်းတည်ရှိသော မုန်းချောင်းရေတစ်သွင်သွင်ရစ်ခွေစီးဆင်းနေ၍ စိုက်ပျိုးရေးလုပ်ငန်းများလည်း အောင်မြင်ဖြစ်ထွန်းကာ ရာသီဥတုမျှတကောင်းမွန်ပြီး သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြည်သော အေးချမ်းလှသည့် မြို့နယ်တစ်ခုလည်းဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့်လည်း မင်းဘူး၊ မကွေး၊ စလင်း - ဆင်ဖြူကျွန်း၊ ဆိပ်ဖြူ၊ ချောက်စသည့် မြို့ကြီးများနှင့်ကုန်စည်စီးဆင်းမှု ကောင်းမွန်စွာဆောင်ရွက်နိုင်ကာ စိုက်ပျိုးရေပေါကြွယ်ဝမှုကြောင့် နှစ်စဉ်မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်တွင် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်နိုင်သဖြင့် စားနပ်ရိက္ခာဖူလုံသည့် "အိုအေစစ်မြို့လေး" ဟုဒေသခံပြည်သူများက တင်စားခေါ်ဝေါ်ကြကြောင်းလည်း သိရသည်။
ထိုသို့ သဘာဝတရားကပေးထားသော မုန်းချောင်းရေရစ်ခွေစီးဆင်းကာ အေးချမ်းသာယာလှသည့် ပွင့်ဖြူမြို့နယ်၌ ဘဒ္ဒကမ္ဘာတွင်ပွင့်တော်မူပြီးသော ဘုရားလေးဆူကြွရောက်သီတင်းသုံးတော်မူခဲ့သည့် ရုံလေးရုံ(အောင်မြေလေးနေရာ)တည်ရှိနေသည်မှာ အလွန်ထူးခြားလှသည့် နယ်မြေတစ်ခုဖြစ်၍ ယခုကဲ့သို့ ခရီးသွားရာသီချိန်တိုင်း ပြည်တွင်း၊ ပြည်ပဘုရားဖူး ခရီးသွားပြည်သူများကို လာရောက်ဖူးမြော်စေချင်ပါသည်။ ပွင့်တော်မူပြီးသော ဘုရားလေးဆူ ကြွရောက်သီတင်းသုံးတော်မူခဲ့ရာနေရာများမှာ ပွင့်ဖြူမြို့နယ် အုတ်ဖိုကျေးရွာ၊ ရွာခိုင်ကျေးရွာ၊ ဘုရားကုန်းကျေးရွာနှင့် ကျောင်းတော်ရာ ကျေးရွာတို့ပင် ဖြစ်ပါသည်။
ကုဣဋာရုံ
ဤဘဒ္ဒကမ္ဘာတွင် ဘုရားငါးဆူ ပွင့်တော်မူမည်ဖြစ်ရာ ဘုရားလေးဆူပွင့်တော်မူပြီး ဖြစ်ပါသည်။ ကကုသန်ဘုရားသည် ရှေးဦးစွာပွင့်တော်မူခဲ့သော မြတ်စွာဘုရားဖြစ်ပါသည်။ ယခုမြို့စဖိုလ်ရွာဟောင်း ကုဣဋာရုံစေတီတော်တည်ထားသောနေရာမှာ ကကုသန်မြတ်စွာဘုရား သီတင်းသုံးတော်မူခဲ့ခြင်း ဂေါတမဘုရားအလောင်း ခေမမင်းရဟန်းပြု၍ ပါရမီထူးများဖြည့်ကျင့်ဆည်းပူးအားထုတ်ခဲ့ခြင်း၊ ဂေါတမမြတ်စွာဘုရားတစ်ရက် သီတင်းသုံးတော်မူ၍ ပရိသတ်များ ကျွတ်တမ်းဝင်ရာနေရာဖြစ်ခြင်း အစရှိသောနေရာထူး၊ နေရာမြတ်ဖြစ်ခြင်းကြောင့် ပထမအောင်မြေနေရာဟု သတ်မှတ်ကြပါသည်။
ဃောသိတာရုံ
ဒုတိယပွင့်တော်မူသော ဘုရားရှင်မှာ ကောဏာရုံမြတ်စွာဘုရားဖြစ်ပါသည်။ ရွာခိုင်ကျေးရွာရှိ ဃောသိတာရုံစေတီတော်မှာ ကောဏာဂုံဘုရားရှင် သီတင်းသုံးခဲ့ရာကျောင်းတော်နေရာတွင် တည်ထားခဲ့သော စေတီတော်ဖြစ်ခြင်း၊ ဂေါတမဘုရားအလောင်းတော်တမ္မတမင်း၊ သဗ္ဗညုတရွှေဉာဏ်ကို မရမနေ ရှာကြံအားထုတ်ကာ ကောဏဂုံမြတ်စွာ ဘုရားအား ကြီးစွာသော အလှူဒါနကို ပေးလှူပြီးလျှင် ကြီးကျယ်ခမ်းနားလှစွာသော မင်းစည်းစိမ်ကို စွန့်လွှတ်တော်မူကာ ကောဏာဂုံမြတ်စွာဘုရားထံ ရဟန်းပြုတော်မူသော နေရာထူး၊ နေရာမြတ်ဖြစ်ခြင်း၊ ဂေါတမမြတ်စွာဘုရားတစ်ရက် သီတင်းသုံးတော်မူ၍ပရိသတ်များ ကျွတ်တမ်းဝင်ရာနေရာဖြစ်ခြင်းတို့ကြောင့် ဒုတိယအောင်မြေနေရာ ဟု သတ်မှတ်ကြသည်။
ပါဝါရုံ
တတိယပွင့်တော်မူသောဘုရားရှင်မှာ ကဿပဘုရားဖြစ်ပါသည်။ ဘုရားကုန်းကျေးရွာအနီးရှိပါဝါရုံ(ခေါ်)ရွှေပန်းမြိုင် စေတီတော်မှာ ကဿပဘုရားရှင် သီတင်းသုံးတော်မူခဲ့ရာ ကျောင်းတော်နေရာတွင် တည်ထားခဲ့သောစေတီတော်ဖြစ်ပြီး ဂေါတမဘုရားအလောင်းတော် ဇောတိပါလလုလင်ရဟန်းဘဝသို့ တက်လှမ်းကာတရားပွားများ အားထုတ်ခဲ့ရာနေရာဖြစ်ကာ ဂေါတမမြတ်စွာဘုရားတစ်ရက် သီတင်းသုံးတော်မူ၍ ပရိသတ်အများအပြား ကျွတ်တမ်းဝင်ရာနေရာဖြစ်သောကြောင့် တတိယအောင်မြေနေရာဟု သတ်မှတ်ကြသည်။
ဂန္ဓာရုံ
စတုတ္ထပွင့်တော်မူသောဘုရားရှင်မှာ ဂေါတမမြတ်စွာဘုရားဖြစ်ပါသည်။ စန္ဒကူးနံ့သာ၊ ဂန္ဓာရုံကျောင်းတော်ရာ စေတီတော်မြတ်ကြီးမှာ လူသိများထင်ရှားလှသော စေတီတော်တစ်ဆူဖြစ်ပါသည်။ သမိုင်းအကျဉ်းကိုဖော်ပြရသော် သုနာပရန္တာတိုင်း ဝါဏိစ္စဂါမရွာ(ယခု ကျောင်းတော်ရာကျေးရွာ တောင်ဘက်သစ်တော်ကျေးရွာ)သား မဟာပုဏ္ဏသည် ဗုဒ္ဓဘုရားရှင်၏ တရားတော်ကို နာကြားရကာရဟန်းဘောင်သို့ တက်လှမ်းခဲ့ပြီး ဘုရားရှင်ထံမှသင့်လျော်သော ကမ္မဌာန်းတရားကို ပန်ကြားတောင်းခံ၍ တရားအားထုတ်ရာ အာသဝေါကုန်ခန်း၍ ရဟန္တာ ဖြစ်တော်မူသည်။ ညီငယ်စူဠပုဏ္ဏသည် သင်္ဘောသား(၅၀၀)တို့ဖြင့် ပင်လယ်ခရီးကုန်ရောင်းကုန်ဝယ်သွားရာ လက်လေးသစ်လျှင် အဖိုးတစ်သိန်းထိုက်သော စန္ဒကူးနံ့သာသစ်များ ပေါက်ရောက်ရာ မာလယုခေါ်ကျွန်းကိုတွေ့ရှိ၍ သင်္ဘောအပြည့်မျှ ယူဆောင်ခဲ့ကြသည်။ ကျွန်းစောင့်နတ်ဘီလူးများမကျေနပ်၍ မုန်တိုင်းဆင်ကာ သင်္ဘောနစ်မြုပ်အံ့ဆဲဆဲတွင် ညီငယ်စူဠပုဏ္ဏ၏ တမ်းတလျှောက်ထားချက်အရ ရဟန္တာ အရှင်မဟာပုဏ္ဏကကောင်းကင်ခရီးဖြင့် ကြွရောက်ကယ်တင်သဖြင့် ဝါဏ္ဏိဇဂါမရွာသား သင်္ဘောသားအားလုံး အသက်ချမ်းသာရခဲ့သည်။ ထိုအခါ ညီငယ်စူဠပုဏ္ဏက အစ်ကိုတော်မဟာပုဏ္ဏ၏ ကျေးဇူးတော်ကိုဆပ်သောအားဖြင့် ကျောင်းဆောက်၍လှူရာ ရဟန္တာအရှင်သူမြတ်က ဂေါတမမြတ်စွာဘုရားကိုသာ လှူဒါန်းရန်လမ်းညွှန်သဖြင့် စူဠပုဏ္ဏ ဦးဆောင်သော ဝါဏ္ဏိဇရွာသားတို့သည် အဆောင်ပေါင်း(၁၀၈)ဆောင် ပြတင်းပေါင်း ၁၁၆၀ နှင့် လှေကားပေါင်း ၁၀၀ ပါဝင်သော ဘုရားကျောင်းတော်ကြီးကို ရနံ့မွှေးထုံသောစန္ဒကူးသစ်တို့ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သည်။
ဂေါတမမြတ်စွာဘုရားသည် သစ္စဗန္ဓကရသေ့ကြီးအား အရဟတ္တဖိုလ်သို့ အရောက်ပို့ဆောင်ချေချွတ်ရန် အကြောင်းကြောင့် သိကြားမင်းဆက်ကပ်လှူဒါန်းသော ယာဉ်ပျံ(၅၀၀)ဖြင့် ကောင်းကင်ခရီးကြွချီတော်မူသည်။ သစ္စဗန္ဓတောင်တွင် ရသေ့ကြီးအားတရားချွတ်၍ ရဟန္တာဖြစ်စေပြီးမှ သစ္စဗန္ဓရဟန္တာ အပါအဝင်ရဟန္တာ(၅၀၀)တို့ကို ပြဿဒ်ယာဉ်ပျံ ၅၀၀ ဖြင့် တင်ဆောင်ခေါ်ယူတော်မူပြီး စန္ဒကူးနံ့သာကျောင်းတော်ကြီးရှိရာ ဝဏ္ဏိဇဂါမသို့ကြွရောက် အလှူခံတော်မူပါသည်။ ဂေါတမမြတ်စွာဘုရားရှင်သည် စန္ဒကူးနံ့သာကျောင်းတော်ကြီးတွင်(၇)ရက်တိုင်တိုင် သီတင်းသုံးကာတစ်နေ့လျှင် လူနတ်ဗြဟ္မာသတ္တဝါအပေါင်း ၈၄၀၀၀ ကျွတ်တမ်းဝင်အောင် တရားရေအေး အမြိုက်ဆေးဖြင့် ချေချွတ်တော်မူပါသည်။ မဟာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် ကြွရောက်တော်မူခြင်းဖြစ်သည်။ (၇)ရက်ပြည့်မြောက်၍ မဇ္ဇျိမဒေသ ပြန်လည်ကြွမြန်းတော်မူရာတွင် သစ္စဗန္ဓရဟန္တာ၏ တောင်ပန်းချက်အရ မန်းရွှေစက်တော်ရာတောင်ထိပ်တွင် စက်တော်ရာတစ်ဆူ၊ နမ္မဒါမြစ်ကမ်းနဖူးတွင် စက်တော်ရာတစ်ဆူချထားတော်မူခဲ့သဖြင့် ယနေ့အချိန်အခါတွင် မန်းရွှေစက်တော်ရာ တန်ခိုးကြီးဘုရားအဖြစ် လူသိထင်ရှားလျက်ရှိနေခဲ့ပါသည်။
မဟာပုဏ္ဏရဟန္တာမြတ်၏ အဓိဌာန်ချက်ဖြင့် စန္ဒကူးနံ့သာကျောင်းတော်ကြီး၏ တရားဟောရာဇပလ္လင်တော်နေရာတွင် ပေါ်ပေါက်ခဲ့သော သေလာမယစေတီတော်ကိုငုံ၍ ပုဂံပြည့်ရှင်ဇေယျသူရမည်သော အလောင်းစည်သူမင်းကြီးသည် စေတီတည်ထားကိုးကွယ်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၈ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် စနေနေ့တွင် ရွှေကရားနှင့် ရေစက်သွန်းချ လှူဒါန်းတော်မူခဲ့သည်။ ဂေါတမမြတ်စွာဘုရားရှင်၏ ကျောင်းတော်ကြီးမှာ စန္ဒကူးမွှေးထုံနံ့သာသစ်များဖြင့် ဆောက်လုပ်ခြင်းဖြစ်၍ ဂန္ဓရုံ ကျောင်းတော်ဟူ၍ အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရားရှင် (၇)ရက်တိုင် သီတင်းသုံးတော်မူခဲ့ခြင်းကြောင့် စတုတ္ထအောင်မြေနေရာဟု သတ်မှတ်ကြသည်။ သို့ဖြစ်၍ ရုံလေးရုံအနက် ကုဣဋာရုံ၊ ဃောသိတာရုံ၊ ပါဝါရုံ(၃)ရုံမှာ ကကုသန်၊ ကောဏဂုံ၊ ကဿပဘုရားတို့ သီတင်းသုံးခဲ့ရာ ကျောင်းတော်ကြီးများ၏ ကျောင်းတော်ရာဖြစ်၍ ဂေါတမဗုဒ္ဓဘုရားရှင် လက်ထက်တော်တွင် လေးနေရာလုံးတွင် ကြွရောက်သီတင်းသုံးသောအခါမှသာ ဂန္ဓာရုံအပါအဝင် ရုံလေးရုံအမည်တွင်လာခြင်းဖြစ်ပါသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ပွင့်တော်မူခဲ့ပြီးသော မြတ်စွာဘုရားရှင်များ ကြွရောက်သီတင်းသုံးတော်မူခဲ့သော ရုံလေးရုံ(အောင်မြေလေးနေရာ)သည် သာသနာဝင်သမိုင်းနှင့် ရာဇဝင်သမိုင်းများအရ အထောက်အထားခိုင်လုံလှသော ဘုရားလေးဆူကြွရာ ပွင့်ဖြူမြေမှ ရုံလေးရုံစေတီတော်များသို့ ပွင့်လင်းရာသီချိန်တိုင်း တစ်ခါတစ်ခေါက်အရောက်လှမ်း၍ ကုသိုလ်ထူးများ ဆည်းပူးဖြည့်ကျင့်နိုင်စေရန် ဖိတ်ခေါ်ရေးသားလိုက်ရပါသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)