ကန့်ဘလူမြို့ အ.ထ.က (၁) ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် အ.ထ.က (၁) ကျောင်းမှ ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသိန်းဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တွင် သင်္ချာ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူ ကျောင်းသားကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်သည်။ ထို့နောက် ကျောင်းသားကျောင်းသူလေးများက အက၊ အလှ၊ သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်းနှင့် ပညာရေးစုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်​ကြီးများ၊ ဆရာ ဆရာမများနှင့်ကျောင်းသားမိဘများ၊ ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)