ကော့သောင်းမြို့၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှုထိရောက်စေရေး စားသောက်ဆိုင်နှင့် လက်ဘက်ရည် ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရေးညွှန်ကြားချက်များထုတ်ပြန်ဆောင်ရွက်

ကော့သောင်း၊ စက်တင်ဘာ ၂၄

ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုလုပ်ငန်းများ ထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ် အတွင်း ရောင်းချလျက် ရှိသည့် စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရေး မြို့နယ် စည်ပင်သာယာအဖွဲ့ မှ အမိန့်ညွှန်ကြားချက်တစ်ရပ် ယမန်နေ့ကထုတ်ပြန် အသိပေး နှိုးဆော် ထားကြောင်းသိရသည်။  
အဆိုပါ ညွှန်ကြားချက်အား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ တနင်္သာရီတိုင်းအတွင်း ခရိုင်နှင့်မြို့နယ်များရှိ စားသောက် ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအားလုံးကို ဆိုင်အတွင်း ဆိုင်ထိုင်စားသောက်ခြင်း၊ ဆိုင်အနီးအနားတွင် စုဝေးစားသောက်ခြင်းတို့ကို မပြုစေဘဲပါဆယ် စနစ်ဖြင့်သာ ရောင်းချစေရန် ဆုံးဖြတ်ညွှန်ကြားခြင်း ဖြစ်ကြောင်း၊ ညွှန်ကြားချက်များအပေါ်တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက  တည်ဆဲဥပဒေများ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းသိရသည်။
ကော့သောင်းမြို့ပေါ် ရပ်ကွက်များအတွင်း စည်ပင်သာယာရေးအဖွဲ့၏ စာရင်းအရ လက်ဘက်ရည်ဆိုင် အပါအဝင် အိမ်ဆိုင်များနှင့် အခြား အစားအသောက် ရောင်းချသည့်ဆိုင်ပေါင်း (၂၅၃)ဆိုင်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)